ပုပ်ရဟန်းမင်းကြီးက ပထမဆုံးအကြိမ်အဖြစ် တရုတ် ဝီဂါများ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ပြော

ပုပ်ရဟန်းမင်းကြီးက ပထမဆုံးအကြိမ်အဖြစ် တရုတ် ဝီဂါများ ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ပြော

နိုဝင်ဘာ ၂၆ ၊ ၂၀၂၀

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့သည့် အတိုင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် တရုတ်၏ ဝီဂါမွတ်စလင်များသည် ညှင်းပန်းနှိပ်စက်ခံနေရသူများဖြစ်ကြောင်း ပထမဆုံးအကြိမ်အဖြစ် ပြောကြားခဲ့သည်။

ကဏ္ဏပေါင်းစုံသည့် စာအုပ် Let Us Dream: the Path to a Better Future တွင် အစ္စလာမ်နိုင်ငံများရှိ ညှင်းပန်းနှိပ်စက်ခံ ခရစ်ယာန်များအကြောင်း ပြောကြားခဲ့သည့် အပိုင်းတွင် သူက “ရိုဟင်ဂျာတွေ၊ သနားစရာ ဝီဂါတွေ၊ ရက်ဇီဒီတွေလို ညှင်းပန်းနှိပ်စက်ခံလူတွေအကြောင်း တွေးမိတယ်”ဟု ဆိုခဲ့သည်။

 မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများ၊ အီရတ်ရှိ အစ္စလာမ်ပြည်နယ်တွင် ရက်ဇီဒီတို့အား သတ်ဖြတ်ခြင်းတို့အား ယခင်က ပြောဆိုခဲ့ကြသော်လည်း သူသည် ဝီဂါများနှင့် ပတ်သတ်၍ ပြောဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဘာသာရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အစိုးရများသည် လူတစ်သန်းနှင့်အထက်အား စခန်းများတွင် ထိန်းသိမ်းထားသော တရုတ်၏ ခေါင်ဖျားသောဒေသ ရှင်ကျန်းတွင် ဝီဂါမွတ်စလင်များအပေါ် လူမဆန်သော ပြစ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း ဆိုကြသည်။

ပေကျင်းသည် ထိုစွပ်စွပ်ချက်များအာ တရုတ်အား သိက္ခာချမှုရန် ကြိုးပမ်းမှုအဖြစ် ငြင်းပယ်ထားပြီး ထိုစခန်းများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အစွန်းရောက်မှုလျော့ချရေး အစီအမံများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သက်မွေးပညာရေးများနှင့် လေ့ကျင့်ရေးစင်တာများဖြစ်ကြောင်း ဆိုသည်။

 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ဖရန်စစ်၏ ပြောဆိုချက်များသည် အခြေအမြစ်မရှိကြောင်း အင်္ဂါနေ့က ဆိုခဲ့သည်။

“တိုင်းရင်းသားလူမျိုးတိုင်းမှာ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝရှိတယ်” ဟု Zhao က နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ဆိုခဲ့သည်။ စခန်းများနှင့် ပတ်သတ်၍ ဘာမျှ မပြောသွားပေ။

ဗာတီကန်သည် ဂိုဏ်းအုပ်များ ခန့်ထားခြင်းနှင့် ပတ်သတ်၍ ပေကျင်းနှင့် အငြင်းပွားဖွယ် သဘောတူညီချက်အား သက်တမ်းတိုးနေသည့် ဖြစ်စဉ်ကြောင့် အစောပိုင်းတွင် ဝီဂါများနှင့် စပ်လျဉ်း၍ ဖွင့်ထုတ်ပြောကြားရန် တုံ့ဆိုင်းနေကြောင်း ဝေဖန်သူအများစုက ဆိုသည်။ ပွန်ပဲရို က ဗာတီကန်များအား စွန့်လွှတ်ရန် တွန်းအားပေးခဲ့သော ထိုသဘောတူညီချက်အား စက်တင်ဘာလတွင် သက်တမ်းတိုးခဲ့သည်။

 ဒီဇင်ဘာလတွင် ထွက်ရှိမည့် သူ၏ အင်္ဂလိပ်ဘာသာ အထ္ထုပ္ပတိရေးသားသူ Austen Ivereigh နှင့် ပူးတွဲရေးသားသည့် စာမျက်နှာ ၁၅၀ ပါစာအုပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အစိုးရများသည် ကမ္ဘာလုံးဆိုင်ရာ အခြေခံဝင်ငွေ အမြဲရရှိရန် လုပ်ဆောင်သင့်ကြောင်း ပါရှိသည်။ သူသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲများအကြောင်းပြောခဲ့ပြီး ကပ်ရောဂါပြီးဆုံးသွားပါက မညီမျှမှုများအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောခဲ့သည်။

 သူက မျက်နှာဖုံးဝတ်ဆင်ခြင်းအား နိုင်ငံမှပြဌာန်းသဖြင့် လုပ်ဆောင်ရသည်ဟု မြင်သူများသည် “ကိုယ်ပိုင်စိတ်ကူးများ၏ သားကောင်များ”ဖြစ်နေကြောင်းနှင့် သူတို့အား စည်းလုံးစေခဲ့သည့် မတရားမှုအပေါ် တွန်းလှန်ရန် ရဲများချုပ်နှောင်မှုကြောင့် သေဆုံးခဲ့ရသော George Floyd အတွက် ဆန္ဒပြသူများအားလည်း ချီးကျူးခဲ့သည်။

အစိုးရသည် နိုင်ငံခြားတစ်ဦးချင်းစီအား ဘာသတ်မှတ်ချက်မှမရှပဲ သတ်မှတ်ထားသောငွေပမာဏ ပေးရန် အချို့သော စီးပွားရေးသမားများနှင့် လူမှုဗေဒပညာရှင်များက ထောက်ခံလျက်ရှိသော အငြင်းပွားဖွယ် မူဝါဒဖြစ်သော ကမ္ဘာလုံးဆိုင်ရာ အခြေခံဝင်ငွေ(UBI) အား ဖရန်စစ်၏ ထောက်ခံမှုသည် အရှင်းလင်းဆုံးဖြစ်သည်။

 UBI သည် ပြီးခဲ့သောနှစ် အမေရိကန်ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီအကြိုရွေးကောက်ပွဲများတွင် Andrew Yang မဲဆွယ်စည်းရုံးမှု၏ အုတ်မြစ်ဖြစ်ခဲ့သည်။

“လူ့အဖွဲ့အစည်းအတွက် ဝင်ငွေမရှိသူတွေရဲ့ လုပ်ဆောင်မှုတန်ဖိုးကို အသိအမှတ်ပြုတာက ကိုဗစ်အလွန် ကမ္ဘာကြီးမှာ ပြန်လည်စဉ်းစားဖို့ အဓိက အချက်ဖြစ်တယ်။ အဲ့တာကြောင့် ကမ္ဘာလုံးဆိုင်ရာ အခြေခံ ဝင်ငွေလို သဘောတရားတွေကို လေ့လာဖို့အချိန်တန်ပြီလို့ ကျွန်တော် ယုံကြည်တယ်။ ကမ္ဘာလုံးဆိုင်ရာ အခြေခံ ဝင်ငွေပေးခြင်းအားဖြင့် လူတွေကို ရပ်ရွာအတွက် ပိုပြီးသိက္ခာရှိရှိလုပ်နိုင်အောင် ဖန်တီးပေးနိုင်တယ်”ဟု သူက ဆိုသည်။

 အခွန်ကင်းလွတ်ခွင့်နှင့် စီးပွားရေးလုပ်ငန်းကြီးများနှင့် ချမ်းသာကြွယ်ဝသူများအတွက် အခြားသော မက်လုံးများသည် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများမှတစ်ဆင့် ကျန်သော လူ့အဖွဲ့အစည်းသို့ အကျိုးရှိစေမည့် ရှေးရိုးဆွဲသမားများ သဘောကျသည့် သီအိုရီ trickle-down စီးပွားရေးအား ဖရန်စစ်က ဝေဖန်ခဲ့သည်။

သူက ၎င်းသည် “ကြီးထားလာတဲ့ စီးပွားရေးက ကျွန်တော်တို့အားလုံးကို ချမ်းသာလာစေမယ်ဆိုတဲ့ မကောင်းတဲ့ trickle-down သီအိုရီရဲ့ လွဲမှားတဲ့ ယူဆချက်ပဲ” ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly