အနောက်အုပ်စုနဲ့ သံတမန် လမ်းပွင့်မှာကို မျှော်လင့်မနေဖို့ အီရန်ဘာသာရေးဦးသျှောင် သတိပေး 

အနောက်အုပ်စုနဲ့ သံတမန် လမ်းပွင့်မှာကို မျှော်လင့်မနေဖို့ အီရန်ဘာသာရေးဦးသျှောင် သတိပေး 
Photo - AFP

နိုဝင်ဘာ ၂၅

အီရန်နိုင်ငံရဲ့ ဘာသာရေးဦးသျှောင် အယာတိုလက်ရှိ အလီခါမေနီဟာ အနောက်အုပ်စုနဲ့ သံခင်းတမန်ခင်း လမ်းပွင့်မှာအပေါ် မျှော်လင့်နေတာတွေကို ဆန့်ကျင်ပြီး သတိပေးလိုက်ပါတယ်။ 

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆက်သွယ်ဆက်ဆံဖို့အတွက် ဆန္ဒရှိနေကြောင်းကို အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီအစိုးရက အရိပ်အမြွက်ပြသလာတဲ့နောက်မှာ ခါမေနီက သတိပေးလာတာပဲ ဖြစ်ပါတယ်။

ရာထူးက ဆင်းပေးရတော့မယ့် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ လေးနှစ်တာ ရန်လိုနေတဲ့ ဆက်ဆံရေးကို ပြင်ဆင်ပြီး အီရန်နဲ့ သံတမန်ရေး ပြန်လည်ဆက်သွယ်မယ်လို့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဂျိုးဘိုင်ဒင်က ကတိပေးထားတာ ဖြစ်ပါတယ်။ 

သမ္မတ ရိုဟာနီ၊ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမတ်ဘာဂဟာနဲ့ တရားသူကြီးချုပ် အီဘရာဟင်ရိုင်စီတို့နဲ့ တွေ့ဆုံရာမှာ ခါမေနီက “ကျွန်တော်တို့တွေဟာ တိုင်းတပါးသားတွေကို ယုံစားလို့ မရဘူး။ သူတို့နဲ့ ဆက်ဆံရေး လမ်းပွင့်ပါမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ထားနေလို့ မရနိုင်ဘူး။”လို့ ပြောခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ ရုပ်သိမ်းသွားဖို့ ကြိုးစာခဲ့ကြတယ်။ နှစ်အတော်ကြာအောင် စေ့စပ်ညှိနှိုင်းထားခဲ့ပေမယ့် ဘာမှ အရာရောက်ခဲ့တာ မရှိဘူး။”လို့ ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်ကို ရည်ညွှန်းပြီး ခါမေနီက ပြောပါတယ်။ 

အဲဒီ သဘောတူညီချက်ဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းတွေကို ဟန့်တားဖို့အတွက် အပြန်အလှန်အနေနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ 
ဒါပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၈ မှာ ဒီ သဘောတူညီချက်က နုတ်ထွက်သွားခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လာခဲ့တာပါ။ 

အီရန်ဖက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ သဘောတူညီချက်ပါ လိုက်နာရမယ့် ကတိကဝတ်တွေကို တစ်ဖြည်းဖြည်းချင်း လျှော့ချလာခဲ့တာပဲ ဖြစ်ပါတယ်။ 

ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရပြီးနောက်မှာ ရိုဟာနီအစိုးရဟာ နောက်လာမယ့် အမေရိကန် အစိုးရနဲ့ ဆက်ဆံရေး လမ်းဖွင့်ဖို့ အဆင်သင့်ရှိနေတယ်ဆိုပြီး အကြိမ်ကြိမ် အရိပ်ပြ ပြောဆိုလာခဲ့တာပါ။ 

ဒါပေမယ့် ခါမေနီက “အမေရိကန်ရဲ့ အနေအထားဟာ မသေချာမရေရာသလို ဥရောပကလည်း အီရန်ကို အဆက်မပြတ် ဆန့်ကျင်ရပ်တည်နေတယ်။”လို့ ပြောဆိုခဲ့ကြောင်း သူ့ရဲ့ ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly