ကုန်သွယ်ရေးနဲ့ စစ်ရေး ပူးပေါင်းဖို့ ဂျပန်၊ တရုတ် ကတိခံပေမယ့် ကျွန်းစုအရေး တင်းမာမှုက တအုံနွေးနွေးဖြစ်နေ 

ကုန်သွယ်ရေးနဲ့ စစ်ရေး ပူးပေါင်းဖို့ ဂျပန်၊ တရုတ် ကတိခံပေမယ့် ကျွန်းစုအရေး တင်းမာမှုက တအုံနွေးနွေးဖြစ်နေ 
Photo - AFP

နိုဝင်ဘာ ၂၅ ၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးစတင်ချိန်မှ နောက်ပိုင်း ပထမဆုံးအဖြစ် ဂျပန်နိုင်ငံဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ချိန်မှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စစ်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ အင်္ဂါနေ့က ကတိကဝတ်တွေ ပြုကြပေမယ့် အငြင်းပွားကျွန်းတွေနဲ့ ပတ်သက်ပြီး ပြေလည်မှု မရှိဘဲ တအုံနွေးနွေး ဖြစ်နေခဲ့ပါတယ်။ 

ကပ်ဘေးမတိုင်မီ သမိုင်းနဲ့ချီ တင်းမာတဲ့ ဆက်ဆံရေး ရှိနေတာကို ပြေလည်ကောင်းမွန်စေရေး တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံဟာ ကြိုးပမ်းနေလျက်ရှိတာဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်က နွေဦးမှာ ဂျပန်နိုင်ငံဆီ နိုင်ငံတော်ခရီးစဉ် လာရောက်ဖြစ်ဖို့ ရှိနေပါတယ်။ 

ဒါပေမယ့် အမေရိကန်ကနေ ဩစတြေးလျအထိ ဂျပန်ရဲ့ မဟာမိတ်တွေနဲ့ တရုတ်နိုင်ငံဟာ သံတမန်ရေးနဲ့ ကုန်သွယ်ရေးတွေမှာ တင်းမာမှုတွေ တိုးပွားလာတာနဲ့အတူ ဂျပန်နိုင်ငံဟာ ၎င်းရဲ့ သံခင်းတမန်ခင်း ဖြန့်ကြက်မှုကို ချိန်ဆနေတော့ဟန် ရှိနေပါတယ်။ 

အငြင်းပွား ဆင်ကာကူကျွန်းစုတွေရဲ့ ပတ်လည်မှာ တရုတ်ရဲ့ မကြုံဖူးအောင် ကျော်နင်းဝင်ရောက်မှုတွေကို ဂျပန်က စိတ်ဆိုးဒေါသနဲ့ ကန့်ကွက်ဆန့်ကျင်တာကြောင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝန်ယီရဲ့ ဂျပန်ခရီးစဉ်ဟာ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာပါ။ 

အဲဒီ ကျွန်းစုတွေကို တရုတ်က ဒိုင်အိုယုကျွန်းလို့ ခေါ်ပြီး ၎င်းပိုင်နက်ထဲက ကျွန်းစုတွေအဖြစ် အပိုင်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။ 

ကျွန်းစုတွေနားက ရေပိုင်နက်ဧရိယာတွေဆီ တရုတ်ရေယာဉ်တွေ ကျုးကျော်ဝင်ရောက်တာကို တားမြစ်ဖို့ အလေးအနက် တရုတ်ကို တိုက်တွန်းကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမတ်ဆု မိုတဲဂျီက ပြောပါတယ်။ 

ဒါကို တုံ့ပြန်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ထိလွယ်ရှလွယ် ရှိနေတဲ့ ရေပြင်ဧရိယာဆီ ဂျပန်ငါးဖမ်းသင်္ဘောတွေ အကြိမ်ကြိမ် ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ အမှန်ပဲ ကျွန်တော်တို့ဟာ ကိုယ်တိုင်းပြည်ရဲ့ အချုပ်အခြာကို ဆက်လက်ကာကွယ်သွားမှာ ဖြစ်တယ်။”လို့ ဝန်ယီက ပြောပါတယ်။ 

အခုနှစ် မကုန်ခင်မှာ နှစ်နိုင်ငံကြားက စစ်အရာရှိတွေကြား အရေးပေါ် ဖုန်းလိုင်းထားရှိဖို့ နှစ်နိုင်ငံစလုံးက ကြိုးပမ်းနေတယ်လို့ ဝန်ယီက ပြောပေမယ့် နောက်ထပ် အသေးစိတ်တော့ မပြောပါ။ 

ဝန်ကြီးနှစ်ဦးရဲ့ ကျွန်းစုအရေး ပြောဆိုမှုတွေမှာ အခြေအတင် ဖြစ်စရာတွေ ရှိနေခဲ့ပေမယ့် အခု သတင်းစာရှင်းလင်းပွဲ ပြောဆိုမှုမှာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်တွေနဲ့အတူ အများစုကတော့ နွေးနွေးထွေးထွေး ရှိခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly