ဘီလ်ဂိတ်ကို ကျော်ဖြတ်ပြီး အီလွန်မက်စ်က ကမ္ဘာ့ ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာ 

ဘီလ်ဂိတ်ကို ကျော်ဖြတ်ပြီး အီလွန်မက်စ်က ကမ္ဘာ့ ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာ 

 နိုဝင်ဘာ ၂၄ 
 
အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla Inc. ၏ ပူးတွဲတည်ထောင်သူ အီလွန်မက်စ်သည် ယခုအခါ နာမည်ကျော် သူဌေးကြီး ဘီလ်ဂိတ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ကြောင်း သိရသည်။ 

အသက် ၄၉ နှစ်အရွယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ်၏ အသားတင်ကြွယ်ဝမှုသည် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ တိုးပွားပြီးနောက် စုစုပေါင်း ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၁၂၇ ဒသမ ၉ ဘီလီယံအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုးပွားမှုကို Tesla ရှယ်ယာတန်ဖိုး ထပ်မံ မြင့်တက်ခြင်းက အဓိက မောင်းနှင်ပေးခဲ့သည်။ 

မက်စ်သည် ယခုနှစ်အတွင်း ၎င်း၏ အသားတင်ကြွယ်ဝမှုတန်ဖိုးပိုင်းတွင် ကန်ဒေါ်လာ ၁၀၀ ဒသမ ၃ ဘီလီယံ တိုးပွားထားစေခဲ့သူ ဖြစ်ရာ ယင်းက ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀၀ စာရင်း ဖြစ်သည့် ဘလွန်းဘာ့ဂ် ဘီလျံနာ အညွန်းကိန်း (Bloomberg Billionaires Index) ရှိ ပါဝင်သူတိုင်းအနက် အများဆုံးတိုးပွားမှုလည်း ဖြစ်သည်။ အီလွန်မက်စ်သည် ယခုနှစ် ဇန်နဝါရီလတွင် ဘလွန်းဘာ့ဂ် အညွန်းကိန်း၌ အဆင့် ၃၅ နေရာတွင် ရှိနေခဲ့သူ ဖြစ်သည်။ 

မက်စ်သည် Tesla စတော့ရှယ်ယာတန်ဖိုး ကြီးကြီးမားမား ထိုးတက်ထားခြင်းကနေ အကျိုးအမြတ်များ ဖြစ်ထွန်းထားခဲ့သည်။ Tesla ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည်လည်း ဒေါ်လာ ၅၀၀ ဘီလီယံနား ချဉ်းကပ်လာနေလျက်ရှိသည်။ မက်စ်၏ အသားတင်ကြွယ်ဝမှု၏ လေးပုံ သုံးပုံခန့်သည် Tesla ရှယ်ယာများဖြင့် စုဖွဲ့ထားပြီး ယင်းတို့က Space Exploration Technologies Corp., သို့မဟုတ် SpaceX တွင် ၎င်း ပါဝင်ထားသည့် ရှယ်ယာပမာဏထက် လေးဆကျော် ပိုများသည့် တန်ဖိုးပမာဏလည်း ဖြစ်သည်။ 

မက်စ်၏ ယခု မှတ်တိုင်ရောက်ရှိမှုနှင့်အတူ အညွန်းကိန်း၏ ရှစ်နှစ်တာ သမိုင်းကြောင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် Microsoft Corp. ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်သည် အဆင့် နှစ်အောက် ရောက်ရှိသွားခဲ့ရသည်။ ဘီလ်ဂိတ်သည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာတွင် နှစ်များစွာကြာ ရယူထားနိုင်ခဲ့ပြီးမှ ၂၀၁၇ ခုနှစ်တွင် Amazon.com တည်ထောင်သူ ဂျက်ဖ် ဘီဇိ့ုထံ အဆိုပါ ဂုဏ်ပုဒ်ကို လွှဲပြောင်းပေးခဲ့ရသည်။ 

လက်ရှိ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၁၂၇ ဒသမ ၇ ဘီလီယံ ရှိနေသည့် ဘီလ်ဂိတ်သည်လည်း ၂၀၀၆ ခုနှစ်နောက်ပိုင်း ဂိတ် ဖောင်ဒေးရှင်းသို့ ၎င်း၏ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၂၇ ဘီလီယံကျော်ကို ထုတ်လှူမပေးထားဘူးဆိုပါက လက်ရှိ အသားတင်ကြွယ်ဝမှုတန်ဖိုးသည် ယခုထက် အတော်အတန် များပြားနေဖွယ် ရှိသည်။ 

မက်စ် နှင့် ဘီလ်ဂိတ် တို့ သည် လက်ရှိ COVID-19 အရေးကိစ္စနှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး မခံချိမခံသာဖြစ်အောင် ပြောဆိုမှုများ ရှိထားခဲ့ပြီး ကပ်ရောဂါ ဒေတာအချက်အလက်များအပေါ် သံသယဖြစ်ကြောင်း ထုတ်ဖော်ထားသလို အကွက်ချကြံစည်မှု သီအိုရီတချို့ကို လက်ခံယုံကြည်သည့် သဘော ထုတ်ဖော်ထားသည့် မက်စ်အပေါ် စိုးရိမ်ပူပန်မိကြောင်း ဘီလ်ဂိတ်က ထုတ်ဖော်ထားခဲ့သည်။ 

ယခုနှစ်သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်များအတွက် အကျိုးအမြတ် များများရသော နှစ်တစ်နှစ်ဖြစ်သည်။ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ကမ္ဘာတဝန်း အလုပ်သမားလူတန်းစားနှင့် ဆင်းရဲနွမ်းပါးသူများအပေါ် အချိုးအစား မမျှတစွာ သက်ရောက်စေခဲ့သည့် ကျယ်ပြန့်သော လုပ်ငန်းရပ်နားရမှုများ ရှိခဲ့လင့်ကစား ဘလွန်းဘာ့ဂ် အညွန်းကိန်းတွင် ပါဝင်သူများသည် ယခုနှစ်စပြီးနောက်ပိုင်း တစ်စုတစ်စည်းတည်းအားဖြင့် အကျိုးအမြတ် ၂၃ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံကို တိုးပွားရရှိထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly