လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူ ကမ္ဘောဇအသင်းသို့ ပြောင်းရွေ့ရန် ညှိနှိုင်းနေ

လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူ ကမ္ဘောဇအသင်းသို့ ပြောင်းရွေ့ရန် ညှိနှိုင်းနေ
ရတနာပုံအသင်းမှ လက်ရွေးစင်ဂိုးသမားဟောင်း သီဟစည်သူ။

နိုဝင်ဘာ ၁၈၊ ရန်ကုန်။              ။ ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်း သီဟစည်သူက၂၀၁၆ ဘောလုံးရာသီတွင် ကမ္ဘောဇအသင်းသို့ ပြောင်းရွေ့ရန် ညှိနှိုင်းမှုများ   ပြုလုပ်လျက် ရှိသည် ဟု ပြောသည်။

သီဟစည်သူသည် ၂၀၁၃ ခုနှစ်တွင် ဧရာဝတီအသင်းမှ ရတနာပုံသို့ ပြောင်းရွေ့ခဲ့လာခဲ့သော်လည်း ၂၀၁၅ ဘောလုံးရာသီတွင် ရတနာပုံအသင်းနည်းပြအဖွဲ့နှင့် အဆင်မပြေဖြစ်ကာ အသင်းမှ ထွက်ခွာခွင့်ပြုထားသည့် ကစားသမားတစ်ဦး ဖြစ်သည်။

“ ကျွန်တော်အရင်က ပြောဖူးသလိုပဲ အေးအေးချမ်းချမ်းပဲ ကစားချင်လို့ ကမ္ဘောဇအသင်းကို ပြောင်းဖို့ ဆုံးဖြတ်တာပါ။ လောလောဆယ်တော့ အသင်းနဲ့ ညှိနှိုင်းနေဆဲပါပဲ။ စာချုပ် မချုပ်ရသေးပါဘူး။ ဒီရက်ပိုင်းအတွင်တော့ စာချုပ် ချုပ်ဖြစ်မယ် ထင်ပါတယ်။ ပြီးတာနဲ့ ကျွန်တော် အားလုံးကို အသိပေးပြောကြားသွားမှာပါ။ ဘယ်အသင်းပဲရောက်ရောက် လာမယ့်နှစ်မှာ အကောင်းဆုံးကြိုးစားကစားသွားဖို့ ဆုံးဖြတ်ထားပါတယ် ” ဟု သီဟစည်သူက အနာဂတ်နှင့် ပတ်သက်၍ ပြောသည်။

အသက် ၂၈ နှစ်အရွယ်ရှိ သီဟစည်သူသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ၂၀၀၉ ခုနှစ်မှ စတင်ကာ ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင် ပွဲပေါင်း ၂၃ ပွဲအထိ ပါဝင်ကစားခဲ့သော်လည်း လက်ရှိနည်းပြ ဂတ်ဇီဆီလက်ထက်တွင်မူ ရွေးချယ်ခံခဲ့ရခြင်း မရှိပေ။

ကမ္ဘောဇအသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီအတွက် လက်ရွေးစင် ကစားသမားသစ်ခေါ်ယူမှုများ ပြုလုပ်ရန်စီစဉ်ထားသော်လည်း အသင်းမှ ကွင်းလယ်လူကျော်ဇေယျာဝင်းနှင့် ဉာဏလွင်တို့ကိုမူ စာချုပ်သစ် ထပ်မံချုပ်ဆိုခြင်း မပြုတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly