နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားလုံခြုံရေးအဖွဲ့ကို ဂျိုးဘိုင်ဒင် ကြေညာ 

နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားလုံခြုံရေးအဖွဲ့ကို ဂျိုးဘိုင်ဒင် ကြေညာ 
Photo - AFP

နိုဝင်ဘာ ၂၄

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ၎င်းရဲ့ အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတွေ့အကြုံရင့် အန်တိုနီ ဘလင့်ကန်ကို နိုဝင်ဘာ ၂၃ ရက်မှာ ရွေးချယ်လိုက်ပါတယ်။ ဒါ့အပြင် ဘိုင်ဒင်ဟာ ထောက်လှမ်းရေးဌာန အကြီးအကဲနေရာအတွက် ပထမဆုံးအဖြစ် အမျိုးသမီးတစ်ဦးကို အမည်စာရင်း သွင်းလိုက်သလို ရာသီဥတုဆိုင်ရာ ကိစ္စတွေအတွက်လည်း ကျွမ်းကျင်သူတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ဒေါ်နယ်ထရမ့်လက်ထက်မှာ ရှုပ်ထွေးမှုတွေ ရှိခဲ့တဲ့ နှစ်တွေနောက်ပိုင်း ကျွမ်းကျင်မှုဆီ ပြန်လာဖို့ ဘိုင်ဒင်က ကတိပြုလိုက်တာ ဖြစ်ပါတယ်။ 

ထရမ့်အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်သုံးပတ်မှာ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်စေဖို့အတွက် ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်ထားခဲ့ချိန်မှာ ဘိုင်ဒင်က ခုလိုမျိုး အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ထုတ်ဖော်လာတာကတော့ ၎င်းအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၀ မှာ ရာထူးလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို အချက်ပြလိုက်တဲ့ အကြီးဆုံးမား ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂၄ ရက် တရားဝင် ကြေညာမှုမတိုင်မီ ခုလို ဘိုင်ဒင်အဖွဲ့ရဲ့ ထုတ်ပြန်လာတဲ့ စာရင်းကတော့ ဝါရှင်တန်မှာ စိတ်ခံစားချက် ပြင်းထန်မှုတွေကို လျော့ပါးစေဖို့နဲ့ ပြည်ပမှာ အမေရိကန်ရဲ့ အစဉ်အလာ ဦးဆောင်မှုကို ပြန်လည် ထားရှိဖို့အတွက် တွန်းအားပေးလုပ်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ 

“ကျွန်တော်တို့ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုပါတယ်” လို့ ဘိုင်ဒင်က ကြေညာချက် ထုတ်သွားပါတယ်။ 

“ဒီ ပုဂ္ဂိုလ်တွေဟာ အတွေ့အကြုံ ရင့်ကျက်ကြသူတွေ ဖြစ်သလို သူတို့ဟာ အကျပ်အတည်းအတွင်း တီထွင်ကြံဆနိုင်သူတွေဖြစ်တယ်ဆိုတာကို အစမ်းသပ်ခံထားပြီးသူတွေဖြစ်ပါတယ်” လို့ ဘိုင်ဒင်က ပြောပါတယ်။ 

နိုင်ငံခြားရေးဒုဝန်ကြီးဟောင်း ဘလင့်ကန်ကတော့ ထရမ့်ရဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ “အမေရိကန် ပထမဦးစားပေး” မူဝါဒတွေကို အလျင်အမြန် ဖျက်သိမ်းမှုတွေကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ၎င်းရဲ့ ဦးဆောင်မှုအောက်မှာ ပါရီ ရာသီဥတု သဘောတူညီချက် နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နဲ့ ပြန်လည် ပူးပေါင်းတာ၊ အီရန် နျူကလီးယား သဘောတူညီချက် ပြန်လည် အသက်သွင်းတာတို့ကို လုပ်ဆောင်ဖို့ ရှိနေပါတယ်။ 

အမျိုးသား ထောက်လှမ်းရေး ဌာနရဲ့ ညွန်ကြားရေးမှူးအဖြစ် ပထမဆုံး အမျိုးသမီး အကြီးအကဲ အေဗီရယ်လ် ဟိုင်နက်စ်ကို ဘိုင်ဒန်က ရွေးချယ်ခဲ့ပါတယ်။ 

ဒါ့အပြင် ထရမ့်လက်ထက်က မကြာခဏဆိုသလို အငြင်းပွားစရာတွေဖြစ်ခဲ့တဲ့ တင်းမာတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်ချက်မူဝါဒတွေ ချမှတ်ခဲ့တဲ့ အမိမြေလုံခြုံရေးဌာနကို ဦးစီးဖို့ အလီဂျန်ဒရို မေယာကက်စ်ကို ဘိုင်ဒန်က ရွေးချယ်ထားပါတယ်။ 

ဒါ့အပြင် ကမ္ဘာကြီး ပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ မီးမောင်းထိုးထင်ရှားစေဖို့အတွက် မဲဆွယ်ကာလ ကတိကဝတ်အတိုင်း ဘိုင်ဒင်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီကို ရာသီဥတု ဆိုင်ရာကိစ္စတွေအတွက် အထူးသံတမန်အဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။ 

ဒါ့အပြင် အမေရိကန်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြန်လည် ချိတ်ဆက်ပတ်သက်မှု လုပ်မယ်ဆိုတာကို အချက်ပြဖို့အတွက် ဘိုင်ဒင်က ဝါရင့်သံတမန်တစ်ဦးဖြစ်တဲ့ လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်ကို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ 

ဘိုင်ဒင်ဟာ သမ္မတဟောင်း ဘရက်ခ် အိုဘားမားလက်ထက် သူ ဒုသမ္မတဖြစ်ခဲ့စဉ်က ၎င်းကို အကြံပေးခဲ့တဲ့ ဂျိတ်ခ် ဆူလီဗန်ကိုလည်း အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ 

ခုလို ရွေးချယ်မှုတွေကို ကြည့်မယ်ဆိုရင် ထရမ့်တုန်းကနဲ့ မတူဘဲ ဘိုင်ဒင်ဟာ သူ ကောင်းကောင်း သိထားတဲ့ ကျွမ်းကျင်ပုဂ္ဂိုလ်တွေကို ရွေးချယ်ထားတယ်ဆိုတာကို သိသာထင်ရှားစေလျက် ရှိပါတယ်။ 

ခုလို ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့အတွက် ရွေးချယ်ထားသူ အများအပြားကိုတော့ ဆိနိတ်မှာ အတည်ပြုချက်ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly