အစိုးရအကူးအပြောင်းလုပ်ငန်းစဉ်အတွက် ဂျိုးဘိုင်ဒင်ထံ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ထရမ့် ခွင့်ပြု

အစိုးရအကူးအပြောင်းလုပ်ငန်းစဉ်အတွက် ဂျိုးဘိုင်ဒင်ထံ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ထရမ့် ခွင့်ပြု
Photo - AFP

နိုဝင်ဘာ ၂၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒင်ရဲ့ အကူးအပြောင်းအဖွဲ့အတွက် အစိုးရ အကူအညီပံ့ပိုးမှုတွေ ပေးဖို့ ကိစ္စကို ၎င်းအနေနဲ့ ကန့်ကွက်တော့မှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၂၃ ရက်မှာ တွစ်တာကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။

ဘိုင်ဒင်အနေနဲ့ နှောင့်နှေးကြန့်ကြာနေခဲ့တဲ့ သမ္မတ အကူးအပြောင်း ဆိုင်ရာ အကူအညီတွေ ရမယ်လို့ ထရမ့်က ပြောကြားလိုက်ပေမယ့် ရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ခဲ့တယ်ဆိုတာကို ဝန်ခံဖို့ ထရမ့်က ဆက်လက် ငြင်းဆန်နေဆဲဖြစ်ပါတယ်။

အထွေထွေ ဝန်ဆောင်မှုများဆိုင်ရာ စီမံအုပ်ချုပ်ရေး အေဂျင်စီ (GSA) အနေနဲ့ အကူးအပြောင်းအတွက် လုပ်ဖို့ လိုအပ်တဲ့ အရာတွေ လုပ်သင့်ပြီလို့ ထရမ့်က တွစ်တာမှာ ပြောပါတယ်။ ဒီမတိုင်မီတုန်းက GSA ရဲ့ အကြီးအကဲ အမ်မလီ မာဖီက သူမအနေနဲ့ ကြန့်ကြာနေခဲ့တဲ့ အကူအညီတွေ ထုတ်ပေးသွားတော့မယ်လို့ ပြောခဲ့ပါတယ်။

ထရမ့်ဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအပြီး ပြီးခဲ့တဲ့ သီတင်းပတ် သုံးပတ်ကြာ ကာလတစ်လျှောက်မှာ ဘိုင်ဒင်ရဲ့ အခိုင်အမာ ယုံကြည်ရလောက်တဲ့ အနိုင်ရမှုဟာ ရွေးကောက်ပွဲ မသမာမှုရဲ့ရလဒ် ဖြစ်တယ်လို့ သက်သေအထောက်အထား မပြဘဲနဲ့ ထုတ်ဖော်ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

GSA ရဲ့ အကြီးအကဲ မာဖီကလည်း ယခုမတိုင်မီအထိ နောက်တက်လာမယ့် ဘိုင်ဒင်ရဲ့ အဖွဲ့ထံ သူမ စီမံနေရတဲ့ အေဂျင်စီရဲ့ စံသတ်မှတ်ချက် အကူအညီတွေ ထုတ်ပေးဖို့ ငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။

ခုလို အကူအညီတွေ ထုတ်ပေးတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘိုင်ဒင်ရဲ့အဖွဲ့လည်း ကြိုဆိုခဲ့ပါတယ်။ ချောချောမွေ့မွေ့၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ့် အာဏာလွှဲပြောင်းမှုတစ်ခု လုပ်ဆောင်နိုင်ဖို့အတွက် နောက်တက်လာမယ့် အစိုးရကို လိုအပ်တဲ့ အရင်းအမြစ်တွေ၊ အထောက်အပံ့တွေနဲ့ ထောက်ပံ့ပေးမယ်လို့ ယင်းက ထုတ်ပြန်ပါတယ်။

“ဒီနေ့ ဆုံးဖြတ်ချက်ကတော့ ကပ်ရောဂါကို ထိန်းချုပ်ဖို့၊ စီးပွားရေးကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေဖို့ စတာတို့အပါအဝင် နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို စတင် ကိုင်တွယ်နိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်၊ ဒီ အပြီးသတ် ဆုံးဖြတ်ချက်ကတော့ ဖက်ဒရယ် အေဂျင်စီတွေနဲ့အတူ အကူးအပြောင်း လုပ်ငန်းစဉ်ကို တရားဝင် စတင်နိုင်ဖို့အတွက် အပြီးအပြတ်ဖြစ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်” လို့ ထုတ်ပြန်ပါတယ်။

ဒီ ဆုံးဖြတ်ချက်ကတော့ အကူးအပြောင်းကို ထောက်ကူဖို့ ဘဏ္ဍာငွေ ထောက်ပံ့ဖို့အတွက် ဒေါ်လာ သန်းချီ အသုံးပြုနိုင်ခွင့် ရရှိစေမှာဖြစ်သလို ဘိုင်ဒင်ကိုလည်း လက်ရှိ အစိုးရ တာဝန်ရှိသူတွေနဲ့ တရားဝင် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ခွင့် ပြုမှာဖြစ်ပါတယ်။ 

ဒီမတိုင်ခင်က လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ ငြင်းဆန်နေခဲ့မှုအပေါ် ဝေဖန်ခံခဲ့ရတဲ့ မာဖီကတော့ ဘိုင်ဒင် ထံ ပေးတဲ့ စာတစ်စောင်ထဲမှာ မီဒီယာတွေမှာ ဖော်ပြသလိုမဟုတ်ဘဲ သူမရဲ့ ဆုံးဖြတ်ချက်ဟာ အကြောက်တရားကြောင့် ဒါမှမဟုတ် ဘက်လိုက်မှုကြောင့် ချမှတ်ခဲ့တာ မဟုတ်ကြောင်း ရေးထားတယ်လို့ သိရပါတယ်။

သူမရဲ့ အေဂျင်စီ GSA ရဲ့ ခုလို လုပ်ဆောင်ချက်မျိုးဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲတစ်ခုအပြီး ပုံမှန် လုပ်ရမယ့် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပေမယ့် ခုတစ်ကြိမ်မှာတော့ မဲရလဒ်ကို ပယ်ဖျက်စေဖို့ ထရမ့်ရဲ့ ဆက်လက်အားထုတ်နေခဲ့တာတွေ၊ အရှုံးကို ဝန်ခံဖို့ ငြင်းဆန်နေခဲ့တာတွေကြောင့် လုပ်ငန်းစဉ်ကို ရှုပ်ထွေးမှုတွေဖြစ်ထားစေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required