ကျန်းမာရေး၊နည်းပညာနှင့် လုံခြုံရေးကဏ္ဍများအတွက် အမေရိကန်နှင့် ထိုင်ဝမ် ၅နှစ် သဘောတူညီချက် လက်မှတ်ရေးထိုး

ကျန်းမာရေး၊နည်းပညာနှင့် လုံခြုံရေးကဏ္ဍများအတွက် အမေရိကန်နှင့် ထိုင်ဝမ် ၅နှစ် သဘောတူညီချက် လက်မှတ်ရေးထိုး

နိုဝင်ဘာ ၂၃ ၊ ၂၀၂၀

ထိုင်ဝမ်နှင့် အမေရိကန်တို့သည် စီးပွားရေး ဆွေးနွေးမှုအသစ်အောက်တွက် ပထမဆုံးအကြိမ် အဆင့်မြင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ၅နှစ် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကာ အနာဂါတ်တွင် ကျန်းမာရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍဏများအတွက် ပူးပေါင်းလုပ်ဆောင်သွားကြရန် ကတိပြုခဲ့ကြသည်။
 
အငြင်းပွားဖွယ် အမေရိကန်သမ္မတ အကူးအပြောင်းကာလနှင့် တရုတ်နှင့် တင်းမာမှုများအကြား ပြုလုပ်ခဲ့သော ဆွေးနွေးမှုများသည် ဒေါနယ်ထရမ့်လက်အောက်တွင် နှစ်နိုင်ငံသည် ပိုမိုရင်းနှီးလာကာ ပေကျင်းအား နောက်သို့ တွန်းပို့နေသော်လည်း အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ထိုင်ဝမ်၏ မျှော်လင့်ချက်အား မတိုးတက်စေခဲ့ပေ။

ထိုဆွေးနွေးပွဲများအား ထိုင်ဝမ် စီးပွားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး Chen Chern-chyi နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး Keith Krach တို့သည် သမိုင်းဝင် ဆက်ဆံရေးများနှင့် တူညီသော ဒီမိုကရေစီ စံနှုန်းများ တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဦးဆောင် ကျင်းပခဲ့ပြီး သောကြာနေ့တွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြသော အကြီးတန်းအစိုးရ အရာရှိများက ငါးနှစ်တာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ အဖွဲ့များသည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးလုံခြုံရေး၊ သိပ္ပံနှင့် နည်းပညာ၊ 5G နှင့် ဆက်သွယ်ရေးလုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်များ၊ အမျိုးသမီးများ စီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အခြေခံအဆောက်အဦ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံတို့အတွက် အလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။

ထိုဆွေးနွေးပွဲများသည် ကျန်းမာရေး သုတသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ တစ်ပိုင်းလျှပ်ကူး ထောက်ပံ့ရေးကွင်းဆက်တွင် ထိုင်ဝမ်၏ ပါဝင်လာမှုအား ဦးစားပေး ပူးပေါင်းဆောင်ရွက်ရန် အလားအလာများအား အဓိကထား ဆွေးနွေးခဲ့ကြောင်း အရာရှိများက ပြောခဲ့သည်။ MOU သည် နှစ်ဖက်အတွက် တရားဝင်ချည်နှောင်ထားသည့် အခွင့်အရေးများ သို့မဟုတ် တာဝန်များကို ဖန်တီးမထားပဲ ရရှိနိုင်သော အရင်းအမြစ်များပေါ်တွင်သာ မူတည်သည်။

 နှစ်ဖက်မှ ကိုယ်စားလှယ်များသည် စနေနေ့တွင် တိကျသော ကတိကဝတ်များနှင့် စပ်လျဉ်း၍ အနည်းငဘ်သာ ပြောကြားခဲ့ပြီး အနာဂါတ် နှစ်နိုင်ငံ ပူးပေါင်းမှုအတွက် မျှော်လင့်ချက်များနှင့် မျှော်မှန်းချက်များကိုသာ ကြေငြာခဲ့သည်။ သို့သော် ထိုင်ဝမ်က ထိုအစည်းအဝေးများသည် ကုန်သွယ်ရေးသဘောတူညီချက်ကဲ့သို့သော ပိုမိုခိုင်မာသည့် အရာတစ်ခုခုအား ဖော်ဆောင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ အမေရိကန်-ထိုင်ဝမ် ကုန်သွယ်ရေးသဘောတူညီချက်သည် အမေရိကန် ထောက်ခံမှု ရရှိထားသော်လည်း ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်သည် သူ၏ တရုတ်မူဝါဒနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များအား တရားဝင်ကြေငြာခြင်းမရှိသေးပေ။ သူ့အား ဘက်မျာစွာပါဝင်သော ဖြေရှင်းနည်းများကို ထောက်ခံအားပေးသူအဖြစ်မြင်ကြပြီး သူသည် ပေကျင်းနှင့် ပြန်လည် ပူးပေါင်းနိုင်သဖြင့် ထိုဝမ်အား စိုးရိမ်မှုများ ဖြစ်ပေါ်နေစေသည်။

 စနေနေ့တွင် ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး Joseph Wu က ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဘိုင်ဒန်၏ အဖွဲ့ထောက်ခံချက်အား ထည့်တွက်ရန်မှာ အချိန်မတန်သေးကြောင်း ပြောခဲ့သည်။

“အခုအချိန်မှာ အဖွဲ့က အကူးအပြောင်းနဲ့ အလုပ်ရှုပ်နေလိမ့်မယ်။ (နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်) အတွက် ဒါမှမဟုတ် သူတို့ဆက်ပြီး မလုပ်ချင်တဲ့ (လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်စာချုပ်) အတွက် သူတို့ ကြိုပြီး စီစဉ်ထားတာ ရှိမယ်လို့မထင်ဘူး။ Capitol Hill အတွက် ပါတီနှစ်ခုထောက်ခံချက်က ခိုင်မာပြီးတော့ အဲ့ဒီအတိုင်းဆက်သွားဖို့နဲ့ အုပ်ချုပ်ရေးအသစ်အောက်မှာ (ရှိပြီးသား နှစ်နိုင်ငံ)မူဘောင်အတိုင်း ဆက်ကြိုးစားပြီး လုပ်သွားမယ်”ဟု မီဒီယာများအား ပြောကြားခဲ့သည်။

 Lowy Institute မှ သုတေသီဖြစ်သူ Natasha Kassam က ကုန်သွယ်ရေးဆွေးနွေးမှုများသည် နောက်ရောက်သွားသည်မှာ အံ့ဩဖွယ်မဟုတ်ကြောင်း၊ ထိုအဆင့်မြင့် စီးပွားရေး ဆွေးနွေးမှုနှင့် MOU လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း အမှတ်သင်္ကတ များသည် သမ္မတ Tsai အတွက် တန်ဖိုးရှိပြီး ထိုင်ဝမ်အပေါ် အမေရိကန်၏ ထောက်ပံ့မှု ကြီးထွားလာမှုကို ပေကျင်းအား ပြသနေကြောင်း ပြောခဲ့သည်။

 တရုတ်အပါအဝင် အာရှ-ပစိဖိတ် ၁၅ နိုင်ငံ ပါဝင်သည့် ပြီးခဲ့သောအပတ်က လက်မှတ်ရေးထိုးခဲ့သော ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)၏ အဖွဲ့ဝင်မဟုတ်သောကြောင့် ကျွန်းအစိုးရသည် အမေရိကန်နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်များ လုပ်ဆောင်လိုသည်။ တရုတ်ပါဝင်နေသောကြောင့် RCEP သို့ ဝင်ရောက်ပါဝင်ရန် အခွင့်အလမ်းလွန်စွာနည်းပါးကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ထို့ပြင် ဘက်စုံ တိုးတက်သော သဘောတူညီချက် ပစိဖတ်အလွန် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန် ကြိုးပမ်းနေသော်လည်း တရုတ်သမ္မတ ရှီကျင်းဖျင်သည်လည်း ဝင်ရောက်ရန် စိတ်ပါဝင်စားမှုပြသနေသဖြင့် တိုင်ပေသည် ဝင်ပါရန် အတားအဆီး ကြုံတွေ့နေရသည်။ စီးပွားရေးဆွေးနွေးမှုသည် ပေကျင်းအား ဒေါသဖြစ်စေသည့် အဆင့်မြင့် အစိုးရအလည်အပတ်များနှင့် ဒေါ်လာသန်းနှင့်ချီသော လက်နက်များရှိခဲ့သော ထိုင်ဝမ်နှင့် ထရမ့်အစိုးရအကြား နက်ရှိုင်းသော ဆက်ဆံရေးများမှရရှိလာသော အဓိက ပဏာမ ခြေလှမ်းများဖြစ်သည်။

အစိုးရမီဒီယာသည် ဆွေးနွေးပွဲများအား RCEP မှ အပယ်ခံများ၏ အဆိပ်သင့် နိုင်ငံရေးလှည့်ကွက်များအဖြစ် ပယ်ချခဲ့ပြီး အကျိုးဆက်များအား သတိပေးခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က သေကြာနေ့တွင် အမေရိကအား ထိုင်ဝမ်၏ မေးခွန်းအတွက် အထိအခိုက်မခံနိုင်မှုအား သတိပေးခဲ့ပြီး တရားဝင် ဆက်ဆံရေးနှင့် အပြန်အလှန်ဆက်သွယ်များအာလုံးအား ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

 “တရုတ်က အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင်ဆက်သွယ်မှုတွေ အကုန် ကန့်ကွက်ပါတယ်။ ဒီအနေအထားက တစ်သမတ်တည်းဖြစ်ပြီးတော့ ရှင်းလင်းပါတယ်။ တရုတ်အနေနဲ့ အခြေအနေတွေအပေါ်မူတည်ပြီး လိုအပ်တဲ့ တုံပြန်မှုတွေလုပ်သွားမယ်” ဟု သူက ဆိုသည်။

 ပေကျင်းသည် ထိုင်ဝမ်အား လိုအပ်ပါက အင်အားသုံး ပြန်လည်သိမ်းပိုက်ရမည့် ရာဇဝတ်ပြည်နယ်အဖြစ် ရှုမြင်သည်။ Tsai Ing-wen ဦးဆောင်သည့် လက်ရှိအစိုးရ ရွေးကောက်ပွဲမှစ၍ ပေကျင်းသည် ထိုင်ဝမ်အား ကမ္ဘာ့ကျန်းမာရေးညီလာခံကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ပယ်ထားရန်နှင့် ထိုင်ဝမ်၏ အချုပ်အခြာအာဏာအား အသိအမှတ်ပြုသည့် နိုင်ငံများအား တိုင်ပေနှင့် အဆက်အသွယ်ဖြတ်တောက်ရန် စည်းရုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly