AstraZeneca နဲ့ Oxford ပူးပေါင်းထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက ပျမ်းမျှ ၇၀ % ထိရောက်မှုရှိ

AstraZeneca နဲ့ Oxford ပူးပေါင်းထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက ပျမ်းမျှ ၇၀ % ထိရောက်မှုရှိ
Photo - AFP

နိုဝင်ဘာ ၂၃  

ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက လက်တွေ့စမ်းသပ်မှုတွေမှာ ပျမ်းမျှ ၇၀ % ထိရောက်မှုရှိတယ်လို့ နိုဝင်ဘာ ၂၃ ရက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  

ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှုအရ ကိုဗစ်-၁၉ ကို ထိထိရောက်ရောက်ကာကွယ်နိုင်ပြီး ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအတွက် လက်ငင်းအကျိုးသက်ရောက်မှုရှိမှာဖြစ်တယ်လို့ အက်စ်ထရာဇန်နက်ကာ (AstraZeneca) ရဲ့ အမှုဆောင်အရာရှိချုပ် ပါစကယ်ဆော်ရီရော့က ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။  

သောက်သုံးတဲ့ ဆေးပမာဏပေါ်မူတည်ပြီး ရလဒ်တွေက ၆၂ % နဲ့ ၉၀ % အကြား ထိရောက်မှုရှိနေတာကို ပြသတယ်လို့ ဆိုပါတယ်။ 

AstraZeneca ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ထိရောက်မှုရာခိုင်နှုန်း ပျမ်းမျှ ၇၀ % သာရှိလို့ ထိရောက်မှု  ၉၀ % အထက်ရှိတဲ့ Pfizer/BioNTech နဲ့ Moderna တို့ရဲ့ ကာကွယ်ဆေးနဲ့နှိုင်းယှဉ်ရင်တော့ နည်းပါးပါတယ်။  

ယူကေနဲ့ ဘရာဇီးတို့မှာ လက်တွေ့စမ်းသပ်ခဲ့တဲ့  AZD1222 ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကြားဖြတ်ဆန်းစစ်ချက်အရ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့ပြီး ပါဝင်စမ်းသပ်ခံသူတွေအနေနဲ့ ဆိုးဆိုးရွားရွားရောဂါခံစားရတာတွေ ဆေးရုံတက်ရတာတွေ မရှိဘူးလို့ တနင်္လာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပထမတစ်ကြိမ် ဆေးပမာဏထက်ဝက်နှုန်းထားနဲ့စမ်းသပ်ပြီး အနည်းဆုံးတစ်လအကြာမှာ ဒုတိယအကြိမ်အဖြစ် ဆေးပမာဏအပြည့်နဲ့စမ်းသပ်ရာမှာတော့ ထိရောက်မှု ၉၀ % အထိရှိခဲ့တယ်လို့ ပြောပါတယ်။  

နှစ်ကြိမ်စလုံး ဆေးပမာဏနှုန်းထားအပြည့်နဲ့စမ်းသပ်ကြည့်တဲ့အခါ ကာကွယ်ဆေးက ၆၂ % ရာခိုင်နှုန်း ထိရောက်မှုရှိတာကို ပြသခဲ့ပါတယ်။  

ဒါကြောင့်  ဆေးပမာဏနှစ်မျိုးနဲ့ စမ်းသပ်တွက်ချက်မှုအရ ပျမ်းမျှ ၇၀ % ထိရောက်မှုရှိကြောင်း အဖြေထွက်ခဲ့တာဖြစ်ပါတယ်။  

ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးရရှိမှုအရှိန်မြှင့်တင်နိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆီ အရေးပေါ်အသုံးပြုခွင့်လျှောက်သွားမယ်လို့ သိရပါတယ်။ 

ကာကွယ်ဆေးအတည်ပြုချက်ကိုစောင့်ဆိုင်းနေတဲ့  AstraZeneca ဟာ  ၂၀၂၁ ခုနှစ်မှာ ဆေးပမာဏ သုံး ဘီလီယံအထိ ထုတ်လုပ်သွားဖို့ မျှော်လင့်ထားပါတယ်။  

AstraZeneca ရဲ့ ကာကွယ်ဆေးကို သာမန်အေးခဲအခြေအနေဖြစ်တဲ့ အပူချိန် ၂ နဲ့ ၈ ဒီဂရီဆဲလ်စီယပ် (၃၆-၄၆ ဒီဂရီဖာရင်ဟိုက်) မှာ အနည်းဆုံး ခြောက်လကြာ သိုလှောင်၊ တင်ပို့၊ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။  

လက်တလောမှာ အရွယ်ရောက်ပြီးသူ ၂၃ ၀၀၀ ထက်မနည်း ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်နေကြပြီး လူဦးရေ ၆၀ ၀၀၀ အထိ တိုးမြှင့်စမ်းသပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုတွေကို  အမေရိကန်၊ ဂျပန်၊ ရုရှား၊ တောင်အာဖရိက၊ ကင်ညာနဲ့ လက်တင်အမေရိကတို့မှာလည်း စမ်းသပ်နေပြီး တခြား ဥရောပနဲ့ အာရှနိုင်ငံတွေမှာလည်း စမ်းသပ်မှုတွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly