ပါကစ္စတန်မှာ အယူစွဲပြင်းထန်တဲ့ အစ္စလမ္မစ် ဘာသာရေးခေါင်းဆောင်ရဲ့ နာရေး လူအများအပြား တက်ရောက် 

ပါကစ္စတန်မှာ အယူစွဲပြင်းထန်တဲ့ အစ္စလမ္မစ် ဘာသာရေးခေါင်းဆောင်ရဲ့ နာရေး လူအများအပြား တက်ရောက် 
Photo - AFP

နိုဝင်ဘာ ၂၂ 

ပါကစ္စတန်နိုင်ငံမှာ လက်ယာစွန်း အစ္စလမ္မစ်ပါတီ တီရစ် အီ လာဘိတ်ခ် ပါကစ္စတန် (TLP) ပါတီရဲ့ တည်ထောင်သူ ခါဒင်မ် ဟူစိန် ရစ်ဇ်ဗီရဲ့ နာရေးအတွက် နိုဝင်ဘာ ၂၁ ရက်က လာဟိုးမြို့ မီနာ အီ ပါကစ္စတန် အထိမ်းအမှတ်ကျောက်တိုင်အနီးမှာ TLP ပါတီ ထောက်ခံသူ အမြောက်အမြား စုရုံးတက်ရောက်ခဲ့ကြပါတယ်။ 

အယူစွဲ ပြင်းထန်တဲ့ TLP ပါတီ တည်ထောင်သူ ရစ်ဇ်ဗီဟာ ပြင်သစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

TLP ပါတီကတော့ သြဇာ ညောင်းတဲ့ ပါကစ္စတန် အစ္စလမ္မစ် ပါတီ တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ အလွန်အကျွံ ရှေးရိုးစွဲတဲ့ ဘာသာရေးစော်ကားမှု ဆိုင်ရာ ဥပဒေတွေအပေါ် ပြုပြင်ပြောင်းလဲမှုမှန်သမျှကို ဆန့်ကျင်ဖို့ ထူထောင်ထားခဲ့တာ ဖြစ်ပါတယ်။ 

TLP ပါတီ ၂၀၁၅ ခုနှစ်က ထူထောင်ပြီးကတည်းက ယင်းပါတီကို ဦးဆောင်ခဲ့တဲ့ အသက် ၅၄ နှစ်ရှိ ခါဒင်မ် ဟူစိန် ရစ်ဇ်ဗီဟာ အဖျားဝေဒနာ ခံစားရပြီး လာဟိုးမြို့ က ဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ TLP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပီအာ အိုင်ဂျက်ဇ် အက်ရှ်ရာဖီက အေအက်ဖ်ပီကို ပြောပါတယ်။ 

အဆိုပါ ဘာသာရေးခေါင်းဆောင် သေဆုံးမှု အကြောင်းရင်းနဲ့ပတ်သက်လိ့ု တာဝန်ရှိသူတွေက လက်တလော ထုတ်ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။ 

ရစ်ဇ်ဗီကတော့ မကြာသေးတဲ့ ရက်တွေအတွင်းက မြို့တော် အစ္စလမ်မာဘတ်မှာ ပြင်သစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး အဆိုပါ ဆန္ဒပြမှုတွေအတွင်း ပြင်သစ် သံအမတ်ကို နှင်ထုတ်ဖို့ တောင်းဆိုထားခဲ့ပါတယ်။ 

ဒီမတိုင်မီမှာ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်က လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စလမ်ဘာသာကို ဝေဖန်ပိုင်ခွင့်အပေါ် ခုခံကာကွယ်ပြောဆိုထားခဲ့တဲ့နောက် ပါကစ္စတန်မှာ ပြင်သစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။ 

ရစ်ဇ်ဗီကိုတော့ နိုင်ငံတဝန်း ၊ အထူးသဖြင့် လူဦးရေ အထူထပ်ဆုံး ပန်ဂျပ်ပြည်နယ် မှာ တော်တော်များများ သိကြပါတယ်။ 

ရစ်ဇ်ဗီကတော့ သက်တော်စောင့်တစ်ဦးဖြစ်တဲ့ မမ်တက်ဇ် ကာဒရီကို ကွပ်မျက်မှုကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် TLP ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကာဒရီကတော့ ပါကစ္စတန်ရဲ့ တင်းကျပ်တဲ့ ဘာသာရေးစော်ကားမှုဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲသင့်တယ်ဆိုပြီး ပြောကြားခဲ့တဲ့ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို ၂၀၁၁ ခုနှစ်မှာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ဘာသာရေး စော်ကားမှုကတော့ ရှေးရိုးစွဲ ပါကစ္စတန်နိုင်ငံမှာ အလွန်တရာ သတိထား ဆင်ခြင်ရတဲ့ ကိစ္စတစ်ခု ဖြစ်ပြီး ယင်းနိုင်ငံမှာ ဥပဒေတွေက အစ္စလမ်ဘာသာ ဒါမှမဟုတ် အစ္စလမ်ဘာသာရဲ့ အလေးအမြတ်ထားတဲ့ ပုဂ္ဂိုလ်တွေကို စော်ကားတယ်လို့ ယူဆရတဲ့ မည်သူ့ကိုမဆို သေဒဏ်ပြစ်ဒဏ် ချခွင့်ပြုထားပါတယ်။ 

ရစ်ဇ်ဗီရဲ့ ဦးဆောင်မှုအောက်မှာ TLP နဲ့ ယင်းရဲ့ နောက်လိုက်တွေဟာ ဆန္ဒပြပွဲများကို လုပ်ဆောင်ထားခဲ့ကြပါတယ်။ ယင်းနိုင်ငံမှာ ခရစ်ယာန် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အာဆီယာ ဘီဘီကို ဘာသာရေးစော်ကားမှု စွဲချက်တွေကနေ တရားရုံးချုပ်က တရားသေလွှတ်ပေးခဲ့တဲ့နောက် ၂၀၁၈ ခုနှစ်မှာ မြို့အချို့ကို ကသောင်းကနင်းဖြစ်စေခဲ့တဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ ဆန္ဒပြပွဲတွေကိုလည်း TLP က လုပ်ဆောင်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တစ်နှစ်လောက်ကလည်း ရစ်ဇ်ဗီ စီစဉ်တဲ့ ဘာသာရေး စော်ကားမှု ဆန့်ကျင် ဆန္ဒပြပွဲတွေက အစ္စလမ်မာဘတ်မြို့ကို သီတင်းပတ်အတော်ကြာ တုံ့ဆိုင်းရပ်တန့်စေခဲ့ပြီး နောက်ဆုံး စစ်တပ် ညှိနှိုင်းပေးတဲ့ သဘောတူညီချက်နဲ့အတူ ဥပဒေရေးရာ ဝန်ကြီးကို အတင်းအကျပ် နုတ်ထွက်စေခဲ့တဲ့နောက်ပိုင်းကျမှသာ ဆန္ဒပြပွဲတွေ လူစုကွဲသွားခဲ့တာဖြစ်ပါတယ်။ 

ရစ်ဇ်ဗီ ကွယ်လွန်မှု သတင်းက နိုဝင်ဘာ ၁၉ ရက်မှာ ပျံ့နှံ့ခဲ့တာနဲ့အတူ နောက်လိုက်တွေဟာ လာဟိုးမြို့က ၎င်းရဲ့ နေအိမ်မှာ စတင် စုဝေးရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ 

နိုင်ငံဟာ ကြီးကျယ်တဲ့ ဘာသာရေး ဆရာတစ်ဦး ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့ ပါကစ္စတန် ဘာသာရေး ဝန်ကြီး ပီအာ နိုအာ အူ ဟက် ကာဒရီက ထုတ်ပြန်ခဲ့သလို ဝန်ကြီးချုပ် အီမရန် ခန်းကလည်း တွစ်တာကနေတဆင့် ဝမ်းနည်းစကား ဆိုသွားခဲ့ပါတယ်။ 

ရစ်ဇ်ဗီကတော့ ၂၀၀၉ ခုနှစ် ကားမတော်တဆမှုတစ်ခု ဖြစ်ပြီးကတည်းက ဝှီးချဲလ်နဲ့ သွားလာနေခဲ့ရသူဖြစ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly