ကဘူးလ်မြို့တော်မှာ ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူ ၈ ဦး သေဆုံး 

ကဘူးလ်မြို့တော်မှာ ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူ ၈ ဦး သေဆုံး 
Photo - AFP

နိုဝင်ဘာ ၂၂ 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရဲ့ လူနေထူထပ်ရာ အရပ်တွေမှာ စနေနေ့က ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်တာကြောင့် လူ ရှစ်ဦး သေဆုံးပါတယ်။ 

အခု တိုက်ခိုက်မှုဟာ  မြို့တော်မှာ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ဆုံး ကြီးမားတဲ့ တိုက်ခိုက်မှု တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ 

သံရုံးတွေနဲ့ နိုင်ငံတကာကုမ္ပဏီတွေ ရှိနေပြီး လုံခြုံရေးခံစစ် ထူထပ်စွာ ချထားတဲ့ ဂရင်းဇုန်နား အပါအဝင် မြို့တော်ရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ဒေသစံတော်ချိန် နံနက် ၉ နာရီမထိုးမီ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲတာ ဖြစ်ပါတယ်။ 

အီရန် သံရုံးက ကျရောက်ပေါက်ကွဲတဲ့ ဒုံးကျည်တစ်စင်းက အပိုင်းအစတွေဟာ ပင်မအဆောက်အအုံကို လာရောက်ထိမှန်တယ်လို့ တွစ်တာမှာ ရေးသားပါတယ်။ ဂရင်းဇုန်ပြင်ဖက်နားမှာ ရှိတဲ့ အီရန်သံရုံးဝင်းအတွင်း ထိခိုက်ဒဏ်ရာရမှု တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါ။ 

ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ တာရစ်အာရီအန်းက ဒုံးကျည် ၂၃ စင်းထိ အစွန်းရောက်တွေက ပစ်လွှတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပြီး တာလီဘန်တွေကို အပြစ်တင်ပါတယ်။ 

“လက်ဦး သတင်းအချက်အလက်တွေအရတော့ လူ ရှစ်ဦး သေဆုံးပါတယ်။ ဒဏ်ရာရသူ ၃၁ ဦး ရှိပါတယ်။”လို့ အာရီအန်းက ပြောပြီး သေဆုံးသူနှုန်း အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။ 

တာလီဘန်တွေကတော့ ဒီ တိုက်ခိုက်မှုကို ငြင်းဆန်ပြီး “သူတို့အနေနဲ့ အရပ်သား နေရာတွေကို ထင်ရာစိုင်း ပစ်ခတ်တာ မလုပ်ဘူး”ဆိုပြီး ပြောပါတယ်။ 

ဂရင်းဇုန်ထဲက ရုံးတစ်ရုံးဆီ ဒုံးကျည်တစ်စင်း ကျရောက်လာခဲ့ပေမယ့် ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ 

ဆေးရုံဝင်းကြီး အပါအဝင် အဆောက်အအုံတွေ နံရံတွေနဲ့ ပြတင်းပေါက်တွေ ပျက်စီးတဲ့ပုံတွေလည်း လူမှုမီဒီယာမှာ ပျံ့နှံ့နေပါတယ်။ 

မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း ပညာသင်ကြားရေး စင်တာတွေကို ကြောက်မက်ဖွယ် တိုက်ခိုက်မှု နှစ်ရပ်ဖြစ်ပွားလို့ လူပေါင်း ၅၀ လောက် သေဆုံးထားတာပဲ ဖြစ်ပါတယ်။ ဒီ တိုက်ခိုက်မှုနှစ်ရပ်အတွက်လည်း တာလီဘန်တွေက ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ပေမယ့် အာဖဂန်အစိုးရကတော့ တာလီဘန် ကြိုးဆွဲအဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး အပြစ်တင်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly