စတေးအက်ဟုမ်း ၊ ကိုဗစ်နဲ့ ကျွန်တော် 

သန့်ဇော်(သန်လျင်) 

ကမ္ဘာပေါ်မှာ ကိုဗစ်က နှစ်ပတ်လည်ရောက်လာပါတော့မယ်၊ ထိရောက်တဲ့ ကုသမှုတွေကတော့ အိမ်မှာနေခြင်း၊ mask တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်းနဲ့ ညွှန်ကြားချက်တွေအတိုင်း နေထိုင်ခြင်းပါပဲ။ အိမ်ထဲပဲမှာနေတာ နှစ်လကျော်ပါပြီ၊ တစ်ပတ်တစ်ခါ (သို့) ၁၀ ရက်တစ်ခါ အပြင်ထွက် ရိက္ခာဝယ်တဲ့အခါ mask တတ်တယ်၊ face sheld မျက်နှာအကာအကွယ်တတ်တယ်၊ အိမ်ပြန်ရောက်ရင် အဝတ်တွေ ရေချိုးခန်းထဲချွတ်ပြီး ဆပ်ပြာရည်နဲ့ စိမ်တယ်၊ ပစ္စည်းတွေကိုလည်း ရေဆေးတန်ရေဆေး အရက်ပျံစပရေးနဲ့ ဖျန်းတန်ဖျန်း လုပ်တယ်၊ အိမ်ပေါ်ကနေ ဈေးဝယ်ရင်လည်း အစားအသောက်တွေကို ရေနဲ့သေချာဆေးတယ်၊ ပြန်အမ်းတဲ့ ပိုက်ဆံတွေဆိုလည်း ခွက်တစ်ခုထဲ ထည့်ထားပြီး အရက်ပျံစပရေးနဲ့ဖျန်းတယ်။ မမေ့မလျှော့ သတိကြီးစွာနဲ့ကို လုပ်ပါတယ်။  

တစ်နေ့တော့ ကျွန်တော် 

ဖျားပြီ . . စပြီး ဖျားပါပြီ။  

နှာရည်မထွက်၊ နှာစေး၊ ချောင်းအနည်းငယ်ဆိုး၊ ကိုယ်အပူချိန် ၁၀၀ဒီဂရီဖားရင်းဟိုက်၊ အဆစ်အမြစ်တွေ နည်းနည်းကိုက်ခဲ၊ ကိုလက်တွေနာ . . .. ဒါနဲ့ ဆရာဝန်ကို လှမ်းမေး၊ ရိုးရိုးရာသီဖျားနဲ့ တူတယ်လို့ပြော၊ ဒါပေမယ့် ကိုဗစ် အတွက် ကြိုတင်ဆေးသောက်ဖို့ အမြဲသောက်ဖို့ ၊ ကိုဗစ်မပြီး မချင်းသောက်ဖို့ Cvit , Immuno Active , Omega 3 ရယ် အားဆေးတစ်ခုခုရယ်ကို အမြဲသောက်ပြီး၊ Flu အတွက်ကတော့ paracetamol , Flumox တို့ကို သောက်ခိုင်းပါတယ်။ ကျနော်လည်း အကုန် ဝယ်သောက်တာပေါ့။ နေမကောင်း စဖြစ်တဲ့နေ့က ဗိုလ်တထောင်က မိတ်ဆွေတစ်ယောက်က ပို့ထား တဲ့ D3 , K2 တို့ကိုလည်း သောက်ပါတယ်။  

၃ ရက်နေတော့ အဖျားပျောက်သွားတယ်၊ လန်းလန်းဆန်းဆန်းဖြစ်သွားတယ်၊ ဒါပေမယ့် . . ၂၇ - ၁၀ -၂၀၂၀ ညမှာ အနံ့ပျောက်သွားတာ သတိထားမိလိုက်တယ်၊ Victoria Secret လို ရေမွှေးက ဘာအနံ့မှကို မရတော့ဘူး။ တခြားအနံ့တွေလည်း ဘာကိုမှ မရတော့ဘူး။ ချက်ချင်းပဲ သက်ဆိုင်ရာ သူငယ်ချင်း လွှတ်တော်အမတ်ဆီ ဖုန်းဆက်အကြောင်းကြားတော့ သူက HQ လည်း နေလို့မရဘူး၊ အနံ့ပျောက် FQ ထားတဲ့နေရာတွေက ကျောင်းတွေမှာ လုပ်ထားတာ၊ စားတာသောက်တာက အဲဒီက လုပ်ပေးလို့ အဆင်ပြေပေမယ့် အပေါ့၊ အလေးစွန့်ရတာနဲ့ ရေချိုးရတာတော့ အများနဲ့ဆို ခက်ခဲနိုင်တယ်ပေါ့။ တချို့ အနံ့ပျောက်သူ တော်တော်များများကတော့ ကိုယ့်အိမ်မှာ ကိုယ်နေပြီး မိမိဘာသာ လော့ဒေါင်းချပြီး ဆေးသောက်နေတာ၊ ၃ ရက် တစ်ပတ်ဆိုရင် အနံ့ပြန်ရသွားကြပြီး ၁၁ ရက်ကျော်သွားရင် စိတ်ချရပြီတဲ့ အဲဒီအတွက် ဆေးတွေချက်ချင်းလာပို့ပေးမယ်၊ အောက်စီဂျင် ၈၀ ဆိုရင် အကြောင်းကြား၊ ချက်ချင်း လာခေါ်မယ်ဆိုတော့၊ ကျနော်လည်း ကိုယ့်ဘာသာ လော့ဒေါင်းချပြီး နေလိုက်ပါတော့တယ်။ Oximeter လေးလည်း ဝယ်လိုက်တာပေါ့။ 

Oximeter နဲ့ တိုင်းကြည့်တဲ့အခါ 91 , 92 , 93 ရှိတော့ ဘာမှ မဖြစ်ဘူးပေါ့၊ ပုံမှန်ကတော့ 98 ရှိရမှာ ကိုယ်က အသက်ရှူလည်းကောင်းတုန်း၊ ညဖက် ချောင်းဆိုးတာ အနည်းငယ်လောက်ဖြစ်ပြီး တခြားဘာမှ မဖြစ်ဘူး။ ဆေးတွေကတော့ ဂရုတစိုက်သောက်တယ်၊ အဘထ ရှူဆေး၊ အမိုးနီးယား၊ ရေနွေးငွေ့တွေ ရှူတယ်၊ ဂျင်းပြုတ်ရည်လည်း သောက်တယ်။ သေနိုင်တဲ့ ရောဂါဆိုတော့ လုံးဝကို ဂရုစိုက်ရတာပေါ့။ ကံကောင်းတာက ကျနော်က ဆီးချိုရောဂါ မျိုးရိုးရှိပေမယ့် ငယ်ငယ်ကတည်းက အစားအသောက်ဆင်ခြင်ခဲ့၊ ဆေးလိပ်မသောက်တတ်၊ ကွမ်းမစားတတ်၊ အသက် ၂၅ နှစ်ကျော်ကတည်းက ခုထိ အရက်ဘီယာမသောက်တော့ ခံနိုင်ရည်တော့ရှိတာ တွေ့ရပါတယ်။ 

ကိုဗစ်ရှိ မရှိ၊ ဟုတ်မဟုတ် ကိုတော့ အဲဒီမှာ သွားစစ်ဆေးရမယ်ဆိုတော့ ကိုယ်က တကယ်ဟုတ်မှန်း မသိတော့ မဟုတ်လို့ အပြင်ထွက်ရင် အန္တရာယ်ရှိတယ်ဆိုတဲ့အတွေးက များတော့..၊ အိမ်မှာပဲ နေလိုက် တော့တယ်။ စိတ်အခြေအနေကတော့ ကိုရိုနာသံသယများနဲ့ပေါ့။ ခုသာခံသာရှိတာကတော့ ကိုရိုနာဗိုင်း ရပ်အကြောင်း၊ ကိုဗစ်ကူးဆက်မြန်ကပ်ရောဂါအကြောင်းတွေကို ပြည်တွင်းသတင်းတွေ၊ နိုင်ငံခြား သတင်းတွေ အမြဲလိုလိုဖတ်ထားတာကြောင့်ရော၊ ပြည်တွင်းဆရာဝန်တွေ၊ ပြည်ပဆရာဝန်တွေ ရှင်းပြ ပြောပြ ဆွေးနွေးချက်တွေကို အရိုးမအီနိုင်အောင် လေ့လာဖတ်ရှုထားတာက ကျနော့စိတ်ကို ဖိစီးမှု လျှောကျစေခဲ့ပါတယ်။  

အနံ့မရတာကို စသိလိုက်တဲ့ အချိန်ထက်စောပြီး နေမကောင်းဖြစ်တဲ့နေ့ နောက်ပိုင်းကစလို့ Cvit 1000 mg ရယ်၊ D 3 25000iu နဲ့ K 2 သောက်နေပါပြီ။နောက် ဆရာဝန်ပြောတဲ့ဆေးတွေသောက်၊ ကိုယ့်နယ် မြေက အမတ်ပို့ပေးတဲ့ Cvit , D 3 , K2 , Zinc ဆေးလည်း ညှိသောက်ပါတယ်။ အမတ်ကလည်း အတူနေတဲ့ သူကိုလည်း ဆေးတိုက်ထားပါဆိုလို့ သူ့ကိုလည်း စပြီး ဆေးတိုက်ရပါတယ်။ Becospray ဆိုတဲ့  nasal spray လည်း နှာခေါင်းကိုဖျန်းပါတယ်။ အစားကိုတော့အရင်က ထက်ပိုပြီး စားချင်တာ တွေကို ခပ်များများလေးစားပါတယ်။   

လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေကရော၊ ဖေ့ဘုတ်မိတ်ဆွေတွေကရော၊ ကိုယ့်ရဲ‌ဘော်တွေကရော အားပေးကြတယ်၊ ကူညီကြတယ်၊ သူတို့လည်းဖြစ်ဖူးကြောင်း သူတို့ပတ်ဝန်းကျင်မှာလည်း ဖြစ်ဖူး ကြောင်း ဆေးသောက်၊ အနေအထိုင်ဆင်ခြင်လိုက်ရင်၊ ၁၁ ရက်ကျော်ရင် ကိုဗစ်တိုက်ပွဲ အောင်ပြီဆိုပြီး အားပေးပြောကြပါတယ်။ 

စာတွေဖတ်လေလေ၊ ကိုယ်ဖြစ်နေတာက COVID-19 ဆိုတာ သေချာလေလေဆိုတော့ ပိုလို့ဂရုတစိုက် ကိုယ့်နိုင်ငံတွင်းမှာမှ မဟုတ်ဘဲ နိုင်ငံတကာမှာလည်း တွေ့ရှိချက်တွေအရရော၊ လူဖြစ်များတာတွေ ကြောင့်ရော တော်ရုံဆို အိမ်မှာပဲနေပြီး ကုသဖို့တွေကလည်း စာတွေမှာဖတ်ရ မီဒီယာတွေက သိရနဲ့ ဆရာဝန် ညွှန်ကြားချက်၊ ဖြစ်ဖူးသူတွေရဲ့ အကြံပြုချက်တွေနဲ့ လိုက်နာနေထိုင်တော့၊ တခါ ကိုယ့်မှာလည်း ဖြစ်နေတာတွေကတော့၊ လူက အကောင်းပတိ ကျန်းမာလာတယ်၊ ၁၀ ရက်မြောက်နေ့ နောက်ပိုင်းမှာတော့ ကျန်းမာရုံတင် မက တက်တက်ကြွကြွလန်းလန်းဆန်းဆန်း(ဖလန်းဖလန်း) ဖြစ်နေပါတော့တယ်။  

ရန်ကုန်မြို့ရဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ နှစ်ယောက်အတူနေတော့ သူ့ကိုလည်း ကူးပါလေရော၊ သူဖျားတာက ၁၀၂ ဒီဂရီဖားရင်ဟိုက်လောက်ရှိတယ်၊ ရေပတ်တောင် အုပ်ရတယ်၊ ဆေးတွေသောက် နောက်နေ့မှာ အဖျားကျသွားပြီး နောက်တစ်နေ့မှာတော့ သူလည်း အနံ့ပါ ပျောက်သွားပါလေရော၊ ကျနော် သောက်နေတဲ့ဆေးတွေ အားလုံးကို သူ့ကိုတိုက်ရပါတော့တယ်။ နောက် ၃ ရက်လောက်နေ တော့ သူက အနံ့ပြန်ရသွားပါတယ်၊ အသက်ငယ်တာလည်းပါရဲ့။ ကျွန်တော်ကတော့ အနံ့မရသေးဘဲ ၁၁ ရက် မြောက်နေ့ကိုတောင် ရောက်နေပါပြီ။ တချို့ဆေးတွေကိုတော့ ဆက်သောက်စေပြီး ခုထိ သူလည်း ဒေါင်ဒေါင်မည်ပါပဲ။ 

အိမ်က work from home လုပ်ပေးရတဲ့ ရုံးလုပ်ငန်းတွကိုလည်း ကျွန်တော် အနားမယူဘဲ လုပ်ပေးနိုင် ခဲ့တယ်။ နိုင်ငံရပ်ခြားက မိတ်ဆွေတွေကလည်း ၁၁ ရက်ကျော်ရင် ကိုဗစ်မရှိတော့ဘူး၊ ဝမ်းသာတယ်လို့ ပြောတယ်၊ အနံ့ကတော့ တဖြည်းဖြည်းပြန်ရလိမ့်မယ်လို့ ပြောကြပေမယ့် ရက်ပေါင်း ၂၀ ရှိနေတဲ့ အတွင်း မှာကို အနံ့က နည်းနည်းလောက်ပဲ ရလိုက် မရလိုက်ဖြစ်နေသေးတယ်။  

အဲဒါနဲ့ ဆရာဝန်ကိုမေးတဲ့အခါ သူက စိတ်မပူဘို့နဲ့ ဆရာဝန်က သောက်နေကျဆေးတွေ ဆက်သောက် ပြီး Azithromycin 250 mg . ./ Denzo . ./Desnorratidine . ./ Protec Plus ရယ် ပေါင်းပြီး သောက် ပါဆိုတော့ ခုထိဆက်သောက်နေပေမယ့်လည်း အနံ့က ၂၅ ရာခိုင်နှုန်းလောက်ပဲ ပြန်ရနေပါသေးတယ်။ ဒီအတောအတွင်းမှာတော့ မိတ်ဆွေတချို့က ဆေးစစ်ဖို့တိုက်တွန်းကြတယ်၊ တချိုကလည်း စစ်ရင် တော့ negative ပဲ ဖြစ်မှာတဲ့။ စစ်ဆေးပေးတဲ့နေရာတွေကိုလည်း စုံစမ်းကြည့်တဲ့အခါ FC တွေနဲ့ တချို့ဌာန တွေက လူကများတော့ တန်းအရှည်ကြီးစီရတယ်၊ မနက်မှတန်းစီရင် နေ့လယ်(သို့) ညနေကျ မှ နှာခေါင်း တို့ဖတ် ယူရတယ်၊ နောက် အဲဒီက ပြောတာရှိသေးတယ်၊ ကိုဗစ်သံသယနဲ့ဆိုတာထက် ကိုဗစ်လက္ခဏာ ဖြစ်နေပြီဆိုမှ စစ်ပါတဲ့၊ ဆိုတော့ . . ကျွန်တော်က ကိုဗစ်ဖြစ်ပြီးသွားလို့(ဒါတောင် မစစ်ရလို့ ၁၀၀ % ဟုတ်ချင်မှ ဟုတ်လိမ့်မယ်) ရက် ၂၀ ကျော် ဖလန်းဖလန်းဖြစ်နေချိန်မှာ သွားစစ်မယ် ဆိုရင် ဘာဖြစ်လာလိမ့်မလဲလို့လည်းတွေးတာပေါ့၊ အဲဒါနဲ့ အဆင်ပြေတဲ့နေ့မှပဲ စစ်တော့မယ်ဆိုပြီး ညွှန်ကြားချက်တွေအတိုင်းပဲ ဆေးတွေသောက်ပြီး အိမ်မှာပဲ နေပါတယ်။  

အခက်ခဲဆုံးကတော့ ညဖက် အိပ်မရတာပါပဲ။ ညနေ ၅ နာရီခွဲ အလုပ်သိမ်းတဲ့အခါ ကိုယ်က ကွန်ပြူ တာနဲ့ ဖေ့ဘုတ်ကို ဆက်သုံးတာတွေတော့ရှိပါတယ်။ ညကို ကြိုးစားပြီးအိပ်ပေမယ့်လည်း မရပါဘူး။ ညတိုင်းလိုလို ညနက် ၁၂ နာရီကျော်၊ တစ်ခါတစ်လေ ၂ နာရီ ၃ နာရီကျော်မှ အိပ်ပျော်တာတွေလည်း ရှိပါတယ်။ မိုးလင်းရင်လည်း မနက် ၇ နာရီဆိုရင် ဆက်ပြီး အိပ်မရတော့ပါဘူး။ ၂၄ နာရီလုံးမှာ ငိုက်မြည်းတာလည်း အရှင်းမရှိပါဘူး။  

ထိုင်ပြီးဝိပဿနာရှုတယ်၊ လမ်းလျှောက်ရင်းမှတ်တယ်၊ အိပ်ရင်းမှတ်တယ် အိပ်မပျော်ပါဘူး။ ခုလည်း ဒီအတိုင်းပါပဲ ၊ တစ်ခါတစ်ရံတော့ နေ့လယ်ဖက် မိနစ်အနည်းငယ် အိပ်ယာထက်မှာ ခဏမှိန်းတာတော့ ရှိပါတယ်။  

ခုထိတော့ အေးဆေးပါပဲ၊ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွပါပဲ၊ စားလို့သောက်လို့လည်း ကောင်းတုန်းပါပဲ၊ ခုနကတောင် ကိုယ်ဘာသာကိုယ် ထမင်းပေါင်းတောင် လုပ်စားလိုက်သေးတယ်။ စာဖတ်သူများလည်း အဖြစ်များနေတဲ့ ကူးစက်မြန်တဲ့ ကိုဗစ်ကို ကာကွယ်နိုင်အောင်၊ ဖြစ်လာလို့ရှိရင် လည်း အသိပေးသင့်တဲ့သူကို အသိပေးပြီး ညွှန်ကြားချက်တွေအတိုင်း လိုက်နာ ဆေးသောက်ကြပြီး ဒီရောဂါဟာ တုန်လှုပ်စရာ ကြောက်စရာရောဂါမဟုတ်ကြောင်းကို ကျွန်တော့ကိုယ်တွေ့ အရင်းခံ တင်ပြလိုက်ရင်း လာမယ့် ၂၀၂၁ မှာ ကိုဗစ်ဆေးတွေ ကမ္ဘာပေါ်မှာ ရပါပြီလို့။  ။ 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly