ရန်ကုန်နှင့် မန္တလေးတွင် ခရစ္စမတ်ပွဲတော်ကို လူစုလူဝေးဖြင့် ကျင်းပခွင့်မပြုဟု အတိုင်ပင်ခံပြော

ရန်ကုန်နှင့် မန္တလေးတွင် ခရစ္စမတ်ပွဲတော်ကို လူစုလူဝေးဖြင့် ကျင်းပခွင့်မပြုဟု အတိုင်ပင်ခံပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်

မကြာခင်ကျရောက်တော့မည့် ခရစ္စမတ်ကာလတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ပွဲတော်ကို လူစုလူဝေးနှင့် ကျင်းပလေ့ရှိသော်လည်း ၎င်းမြို့များတွင် ကိုဗစ်ကူးစက်မှု များပြားနေသဖြင့် ယခုနှစ်တွင် အဆိုပါပွဲတော်ကို ခွင့်မပြုတော့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

“ကျွန်မတို့ အခု ခရစ္စမတ် နီးလာပြီ။ ခရစ္စမတ်ပြီးတဲ့ အခါကျရင်လည်း နှစ်သစ်ကူးက လာပါတော့မယ်။ ခရစ္စမတ်ကာလမှာဆိုရင် အထူးသဖြင့် မြို့ကြီးတွေမှာဆိုရင် ရန်ကုန်မြို့တို့ မန္တလေးမြို့ ကိုဗစ်လည်း မြန်မြန်ပြန့်ပွားနေတဲ့ နေရာတွေလည်း ဖြစ်တယ်။ ဒီမြို့ကြီးတွေဟာဆိုရင် နှစ်တိုင်း နှစ်တိုင်းလိုလို ခရစ္စမတ်ပွဲတော်ကြီးကို ကြီးကြီးကျယ်ကျယ်လူစုလူဝေးနဲ့ ကျင်းပလေ့ရှိပါတယ်။ ဒီဟာတွေ ဒီနှစ်ခွင့်မပြုထားပါဘူး။” ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထိုကဲ့သို့ ပွဲတော်ပြုလုပ်ခွင့်မပြုသော်လည်း ပြည်သူများ၏ စိတ်ကျဉ်းကြပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြေဖျောက်သည့်အနေဖြင့်  ဖျော်ဖြေရေးအစီအစဉ်များကို ရုပ်မြင်သံကြားမှတစ်ဆင့် ပြသရန် စီစဉ်နေ ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် နေရာများတွင် Stay at Home အမိန့်ဆက်လက် ကြေညာမည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှုလျော့ကျလာသည့် နေရာများတွင် ဖြေလျှော့မှုများ လုပ်ဆောင်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့ ရောဂါပျံ့ပွားမှုနှုန်းတွေ တက်နေတဲ့ နေရာတွေမှာတော့ ကျွန်မတို့ Stay at Home ကြေညာရပါလိမ့်မယ်။ ဒါကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး။ ပိုပြီးတော့ ပျံ့ပွားမှုမရှိအောင် ထိန်းဖို့။ နောက် လျော့ကျသွားတဲ့ နေရာတွေမှာ ကျွန်မတို့ ကြည့်ပြီးတော့ ဖြေလျှော့ပေးပါမယ်” ဟု ပြောသည်။

“ဒီကိုဗစ်နဲ့ ပတ်သက်လို့ အချိန်ကလည်း တော်တော်ကြာလာပြီဆိုတော့ ကျွန်မတို့လည်း အတွေ့အကြုံတွေများလာပြီဆိုတဲ့အခါကျတော့ ဘယ်ကဏ္ဍတွေမှာ လျော့ပေးလို့ ရမလဲ။ ဘယ်ကဏ္ဍတွေမှာ ဆက်ပြီးတော့ ခပ်တင်းတင်းကြပ်ကြပ် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ထားရမလဲ။ ဘယ်ကဏ္ဍတွေမှာ ပိုပြီးတော့တောင် စည်းမျဉ်းစည်းကမ်းတွေလုပ်ဖို့လိုလဲဆိုတာမြင်လာပါပြီ။ ဒါကြောင့်မလို့ အခြေအနေကောင်းလာတာနဲ့အမျှ ဖြေလျော့ပေးမှာ ဖြစ်ပါတယ်။ လိုတိုးပိုလျှော့ပေါ့” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  ဆက်ပြောသည်။

COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုဝင်ဘာလ ၂ဝ ရက်နေ့ည ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂ဝ ရက်နေ့ည ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်လူနာသစ် ၁၅၃၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၉ ဦး ရှိရာ ကိုဗစ်လူနာစုစုပေါင်း ခုနစ်သောင်းခြောက်ထောင်ကျော်နှင့် သေဆုံးသူစုစုပေါင်း ၁၆၉၅ ဦးရှိပြီဖြစ်သည်။

လက်ရှိအချိန်သည် မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ပိုဖြစ်စေနိုင်သည့် ဆောင်းရာသီ ကာလဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရုံးပိတ်ရက်ရှည်များတွင် ပြည်သူလူထုအနေဖြင့် ခရီးသွားလာခြင်းမပြုရန်နှင့် အတတ်နိုင်ဆုံး နေအိမ်မှာသာ နေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပန်ကြားချက်ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required