လူဖြူလုံခြုံရေးအစောင့်တွေလက်ချက်ကြောင့် လူမည်း ၁ ဦးသေဆုံးခဲ့လို့ ဘရာဇီးနိုင်ငံတစ်ဝန်း ဆန္ဒပြ 

လူဖြူလုံခြုံရေးအစောင့်တွေလက်ချက်ကြောင့် လူမည်း ၁ ဦးသေဆုံးခဲ့လို့ ဘရာဇီးနိုင်ငံတစ်ဝန်း ဆန္ဒပြ 

နိုဝင်ဘာ ၂၁ 

ဘရာဇီးနိုင်ငံ ပေါ်တိုအယ်လ်ဂရေးမြို့က စူပါမားကတ်တစ်ခုမှာ ကြာသပတေးနေ့ညက လူဖြူလုံခြုံရေးအစောင့်တွေက ထိုးနှက်လို့ လူမည်းတစ်ဦးသေဆုံးခဲ့တာကြောင့် နိုင်ငံရဲ့ နိုဝင်ဘာ ၂၀ ရက်မှာကျင်းပတဲ့ လူမည်းများနေ့မှာ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ 

နိုင်ငံတောင်ပိုင်း ပေါ်တိုအယ်လ်ဂရေးမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ကို မျက်မြင်သက်သေတစ်ဦးက လူမှုမီဒီယာပေါ်တင်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါဗီဒီယိုဖိုင် အင်တာနက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် ဆောပိုလိုမြို့က ကဲဖော (Carrefour) ပြင်သစ်စူပါမားကတ်ဆိုင်ခွဲဆီ ဆန္ဒပြသူ ၁ ၀၀၀ ခန့်ချီတက်ခဲ့ကြပြီး ဆိုင်ရဲ့မှန်နံရံတွေကို ခဲတွေနဲ့ပေါက် ကုန်ပစ္စည်းတွေကို ဖျက်ဆီးမီးရှို့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။  

လူမည်းသေဆုံးမှုဖြစ်ခဲ့တဲ့ ပေါ်တိုအယ်လ်ဂရေးက စူပါးမားကတ်ရှေ့မှာ ဆန္ဒပြနေတဲ့လူအုပ်ကြီးကိုလည်း ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ လူစုခွဲခဲ့ကြပါတယ်။ 

ဘရားဇီးနိုင်ငံရဲ့ မြို့ကြီးတွေဖြစ်တဲ့ ဘရာဇီးလီယား၊ ဘယ်လိုရီဇွန်တီးနဲ့ ရီယိုဒီဂျနေးရိုး တို့က ပြင်သစ်စူပါမားကတ်ဆိုင်ခွဲ Carrefour ရှေ့မှာလည်း လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

Black Lives Matter ဆိုတဲ့စာတန်းပါ ဆောင်ပုဒ်တွေကိုင်ဆောင်ထားတဲ့ လူငယ်ဒါဇင်ပေါင်းများစွာက “ကျွန်တော်တို့ရဲ့ ညီနောင်ကို သတ်တဲ့ Carrefour ဆိုင်တွေ ပိတ်လိုက်ပါ” ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။  

ဂဟေဆက်သမားတစ်ဦးဖြစ်တဲ့ အသက် ၄၀ အရွယ် လူမည်း ဂျောင်အယ်လ်ဘာတို ဆေလ်ဗီးယား ဖရီးတက်စ်ကို လုံခြုံရေးအစောင့်တစ်ဦးက ချုပ်ပေးထားပြီး အခြားတစ်ယောက်က မျက်နှာကို လက်သီးနဲ့ အကြိမ်ကြိမ်ထိုးနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုမီဒီယာပေါ် ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးကလည်း ဘေးမှာရပ်နေပြီး မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင်နေခဲ့တာပါ။ 

စစ်ရဲတစ်ဦးရဲ့အဆိုအရ အဆိုပါလူမည်းဟာ စူပါမားကတ်က အမျိုးသမီးအလုပ်သမားတစ်ဦးကို ခြိမ်းခြောက်ခဲ့တာကြောင့် အမျိုးသမီးက လုံခြုံရေးကို လှမ်းခေါ်ခဲ့တာလို့ သိရပါတယ်။  

ဆေလ်ဗီးယားဖရီးတက်စ်ဟာ ထိုးကြိတ်ခံရတဲ့ဒဏ်ကြောင့် သတိလစ်သွားခဲ့ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly