အမှုဆောင်အရာရှိချုပ် နုတ်ထွက်၍ ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံတန် တရုတ်ကုမ္ပဏီကြီး ပြဿနာ ကြုံ 

အမှုဆောင်အရာရှိချုပ် နုတ်ထွက်၍ ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံတန် တရုတ်ကုမ္ပဏီကြီး ပြဿနာ ကြုံ 

နိုဝင်ဘာ ၂၀ ၊ ၂၀၂၀

တရုတ်နိုင်ငံ၏ ဦးဆောင် အဆင့်မြင့်နည်းပညာ chip များ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ရမည်ဟု ရည်မှန်းထားသော အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံတန် Wuhan Hongxin Semiconductor Manufacturing Co. Ltd. (HSMC) သည် ပြိုလဲလုကိန်း ဆိုက်နေသော ငွေကြေးအကျပ်အတည်းကြားမှာပင် အမှုဆောင်အရာရှိချုပ်ဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ 

လျှပ်ကူးပစ္စည်း ဆီမီးကွန်ဒက်တာ လုပ်ငန်းနယ်ပယ်တွင် သမ္မာရင့်၊ ဝါရင့်တစ်ဦးဖြစ်သည့် ချင်ရှန်ယီသည် ၂၀၁၉ ဇူလိုင်လအတွင်း HSMC ၏ စီအီးအိုနှင့် အထွေထွေမန်နေဂျာ ဖြစ်လာခဲ့သူဖြစ်ပြီး ဝူဟန်အခြေစိုက် ယင်း ကုမ္ပဏီမှ ရာထူးအားလုံးမှ ဇူလိုင်လအတွင်းက နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း Caixin သတင်းဌာနက တွေ့မြင်ခဲ့ရသည့် ရှေ့နေတစ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ဖြင့် ချင်ရှန်ယီသည် ဇွန်လအတွင်း နုတ်ထွက်စာ တင်ခဲ့ပြီး ကုမ္ပဏီကလည်း လက်ခံသဘောတူခဲ့သည်ဟု ထို ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ Caixin သတင်း၏ ဖော်ပြချက်ကို ချင်ရှန်ယီကလည်း အတည်ပြုသည်။ 

HSMC တွင် လုပ်ကိုင်ခဲ့ရသည့် နေ့ရက်များသည် စကားလုံးနည်းနည်းဖြင့် ဖော်ပြရန် ခက်ခဲသော ဆိုးဝါးသည့် အတွေ့အကြုံပဲဖြစ်သည်ဟု ချင်ရှန်ယီက ပြောသည်။ 

အသက် ၇၄ နှစ်ရှိ ချင်ရှန်ယီသည် chip ထုတ်လုပ်မှု သုတေသနနှင့် ဖွံ့ဖြိုးရေးအပိုင်းတွင် ကြွယ်ဝသော အတွေ့အကြုံနှင့် ကောင်းစွာအသိအမှတ် ပြုခံရသော ကျွမ်းကျင်မှုတို့ကြောင့် လူသိများသည်။ သူသည် Priceton တက္ကသိုလ်နှင့် Stanford တက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ပြီး chip ထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်တွင် နှစ် ၄၀ နီးပါး လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

သူသည် ဈေးကွက်တန်ဖိုးအားဖြင့် ကမ္ဘာအကြီးဆုံး chip ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် Taiwan Semiconductor Manufacturing Co. (TSMC) တွင် ဝါရင့်အမှုဆောင်လည်း ဖြစ်သည်။ TSMS ၏ အမှုဆောင် လက်ထောက်ဥက္ကဋ္ဌနှင့် ပူးတွဲလုပ်ငန်းစီမံမှု အရာရှိချုပ်အဖြစ်မှ ၂၀၁၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး နှစ်နှစ်တာမျှ ကုမ္ပဏီ၏ အကြံပေးအဖြစ် တာဝန်ထမ်းခဲ့သည်။ 

၂၀၁၆ တွင် တရုတ်၏ အကြီးဆုံး chip ကုမ္ပဏီ Semiconductor Manufacturing International Corp (SMIC) ၏ လွတ်လပ်သော ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရပြီး သုံးနှစ်တာ တာဝန်ထမ်းခဲ့သည်။ 

၂၀၁၉ ဇူလိုင်တွင်မူ လုပ်ငန်းနယ်ပယ်အား အံ့အားသင့်သွားစေခြင်းအဖြစ် ချင်ရှန်ယီက ဗဟို တရုတ် ဝူဟန်အစိုးရ ကျောထောက်နောက်ခံသော ရည်မှန်းချက်ကြီးသည့် chip ထုတ်လုပ်ရေး ပရောဂျက်ဖြစ်သည့် လူသိနည်းသော HSMC ကုမ္ပဏီ၏ ပဲ့ကိုင်ရာထူးကို ရယူခဲ့သည်။  

ယွမ်ငွေ ၁၂၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံ) ရင်းနှီးမြုပ်နှံမှု အစီအစဉ်နှင့်အတူ ၂၀၁၇ နှောင်းပိုင်းတွင် စတင်တည်ထောင်သော HSMC ကုမ္ပဏီမှာ ၁၄ နာနိုမီတာနှင့် ၇ နာနိုမီတာ နည်းပညာအသုံးပြု chip များ ထုတ်လုပ်ရေးနှင့် ထိုထက် သေးငယ်သော chip များ ထုတ်လုပ်ရေး ရည်ရွယ်သည်။ ထိုသို့ ထုတ်လုပ်နိုင်ခြင်းဖြင့် တရုတ်၏ ခေတ်အမီဆုံး ထုတ်လုပ်သူများတွင် အပါအဝင်ဖြစ်လာမည်ဟု ကုမ္ပဏီ ဝက်ဘ်ဆိုက်က ဖော်ပြသည်။ အမေရိကန်၏ တင်းမာမှုကြောင့် အဓိကနည်းပညာနယ်ပယ်တွင် ကိုယ်အားကိုယ်ကိုးရန် တရုတ်က ဦးစားပေးလာခြင်းကြောင့် ပြည်မကြီးက semiconductor ထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ထွားလာခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် HSMC ပေါ်ထွက်လာခြင်းပဲ ဖြစ်သည်။ 

ချင်ရှန်ယီသည် HSMC သို့ ပူးပေါင်းခဲ့ခြင်းသည် ကုမ္ပဏီက ဦးစားပေးအဖြစ် ကြေညာထားသော နောက်ဆုံးပေါ် circuit packging နည်းပညာတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှေရှုဖော်ဆောင်ရမည် မျှော်လင့်ချက်ကြောင့် ဖြစ်နိုင်သည်ဟု ၎င်းနှင့် နီးစပ်သူများက ပြောသည်။ 

အဆိုပါ ကုမ္ပဏီ၏ ပရောဂျက်မှာ အစတွင် အစိုးရ၏ ခိုင်မာသော ကျောထောက်နောက်ခံပြုမှု ရရှိခဲ့သည်။ ဟူဘေးပြည်နယ် အစိုးရရုံး ဝက်ဘ်ဆိုက်တွင် HSMC ပရောဂျက်ကို ၂၀၁၇ နှင့် ၂၀၁၈ အတွင်း ပြည်နယ်၏ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုနှင့် ၂၀၁၈ နှင့် ၂၀၁၉ တွင် ပြည်နယ်အဆင့် အဓိကဆောက်လုပ်ရေးပရောဂျက်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။ 

သို့သော် ပရောဂျက်မှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ဘဲ ပြီးခဲ့သည့်နှစ်မှစ၍ ပြဿနာများ ဆက်တိုက် ကြုံလာသည်။ ၂၀၁၉ နိုဝင်ဘာတွင် အင်ဂျင်နီယာကုမ္ပဏီတစ်ခုအပါအဝင်ဖြစ်သော အငြင်းပွားမှုကြား၌ HSMC ၏ စက်ရုံတည်ဆောက်နေသော မြေနေရာကို ဆက်လက်အသုံးပြုခွင့်အား ဒေသတရားရုံးက ရပ်ဆိုင်းခဲ့သည်။ 

ယခုနှစ် ဇူလိုင်တွင် အစိုးရအစီရင်ခံစာတစ်ခု၌ HSMC သည် တစ်ချိန်ချိန်တွင် ကုမ္ပဏီ ရပ်တန့်သွားနိုင်သည့်အထိ အကြီးစား ရန်ပုံငွေ လိုငွေပြနေသည်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။ စွန့်ဦးလုပ်ငန်းဖြစ်သော HSMC ကုမ္ပဏီသည် ၎င်း လျာထားသည့် ငွေရင်းစိုက်ထုတ်မှု၏ အကြီးဆုံး ဝေစု သို့မဟုတ် မူလလျာထားသော ယွမ် ၁၂၈ ဘီလီယံ၏ ၁၁၂ ဒသမ ၃ ဘီလီယံကို မရရှိသေးကြောင်း ထို အစီရင်ခံစာအရ သိရသည်။ 

ပရောဂျက်မှာလည်း ယခုနှစ် ကျန်ရှိ ရန်ပုံငွေကို ရရှိနိုင်သည် အလားအလာ မမြင်သည့်ကြားတွင် ရပ်တန့်သွားရန် နောက်ခံရှိနေသည်ဟု ထို အစီရင်ခံစာက ဆိုသည်။ 

ကုမ္ပဏီ၏ နည်းပညာစွမ်းဆောင်နိုင်ရည်မှာလည်း အလွန်အမင်း ချဲ့ကားထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု Caixin ၏ ထောက်လှမ်းသတင်းက ဖော်ပြသည်။ 

တရုတ်နိုင်ငံအတွင်းသို့ ခေတ်မီဆက်စပ်အစိတ်အပိုင်းများ တင်သွင်းနေရသည့် နယ်သာလန် ASML Holding NV က ထုတ်လုပ်သော ခေတ်မီ lithography စက်တစ်လုံးကို HSMC က ပိုင်ဆိုင်ထားသည်ဟု ပြည်နယ်အစိုးရက ပြောခဲ့သည်။ သို့ရာတွင် HSMC သည် တရုတ်နိုင်ငံအတွင် ၇ နာနိုမီတာ chip များ ထုတ်လုပ်နိုင်သည့် တင်သွင်းထားသော စက်များမှ တစ်လုံးကိုသာ ပိုင်ဆိုင်ထားခြင်းကြောင့် ထို သတင်းမှာ သတင်းမှားပဲ ဖြစ်သည်ဟု အကဲဖြတ်များက ပြောသည်။ 

တစ်ချိန်တည်းမှာပင် စီးပွားရေးမှတ်ပုံတင် မှတ်တမ်းများအရ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်သည် ရှယ်ယာရှင်များ အပြောင်းအလဲအပြီး HSMC ကို ဝူဟန်အစိုးရက လွှဲယူထားပြီဟု ပြသလျက် ရှိသည်။ လက်ရှိတွင် ကုမ္ပဏီသည် ဝူဟန်ရှိ တုံရှီဟုခရိုင်အစိုးရ၏ လက်အောက်တွင် အလုံးစုံရောက်ရှိနေပြီ ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံခန့်ခွဲမှုဌာနဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဌာနေအာဏာပိုင်များ၏ chip ထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်ထဲ အဆင်အခြင်မဲ့ ဝင်ရောက်ခြင်းအတွက် မကြာသေးခင်က အပြစ်ပြောဆိုခဲ့သည်။ 

ကုမ္ပဏီတော်တော်များများက အတွေ့အကြုံ၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သား မရှိသော်လည်း ပရောဂျက်များကို ဇွတ်ဖော်ဆောင်နေကြောင်း ကော်မရှင်၏ ပြောခွင့်ရသူ မန်ဝေက အောက်တိုဘာလအတွင်းက ပြောခဲ့သည်။ 

၂၀၁၉ နှစ်ကုန်တွင် တရုတ်နိုင်ငံ၌ အကြီးစား chip ထုတ်လုပ်ရေးကုမ္ပဏီပေါင်း ၅၀ နီးပါးရှိပြီး ငွေလုံးငွေရင်းအားဖြင့် ယွမ် ၁ ဒသမ ၇ ထရီလီယံရှိကာ ကုမ္ပဏီတစ်ခုလျှင် ပျမ်းမျှရင်းနှီးမြုပ်နှံမှု ယွမ် ၃၀ ဘီလီယံခန့် ရှိကြောင်း Caixin ၏ တွက်ချက်မှုအရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly