ရန်ကုန်အပြင်ဘက်သို့ ကိုဗစ်မပြန့်စေရန် ကယားပြည်နယ်က စေတနာ့ဝန်ထမ်းများ စေလွှတ်ခြင်း ဖြစ်

ရန်ကုန်အပြင်ဘက်သို့ ကိုဗစ်မပြန့်စေရန် ကယားပြည်နယ်က စေတနာ့ဝန်ထမ်းများ စေလွှတ်ခြင်း ဖြစ်
ဓာတ်ပုံ - စောသန်းထိုက်ဦး

  နိုဝင်ဘာလ၊ ၂၀ ၊၂၀၂၀ 

ကယားပြည်နယ်ရှိ ကျန်းမာရေး စေတနာ့ဝန်ထမ်းများကို ရန်ကုန်မြို့ရှိ COVID-19 ရောဂါ ကုသရေး ဌာနများသို့ စေလွှတ်နေခြင်းသည် ရန်ကုန်တိုင်းမှတစ်ဆင့် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ရောဂါ မပြန့်ပွားစေရန် ရည်ရွယ်ကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောသည်။ 

“ရန်ကုန်တိုင်းမှာ သွားထိန်းထားခြင်းအားဖြင့်၊ သွားပြီးတော့ ကုသတဲ့နေရာမှာ ကူညီပံ့ပိုးခြင်းအားဖြင့် ရန်ကုန်တိုင်းမှာတင် ရောဂါတွေ ထိန်းထားနိုင်မယ်၊ ပျောက်ကင်းအောင် ကုသနိုင်မယ်ဆိုရင် တခြားပြည်နယ်နဲ့ တိုင်းတွေကို မပျံ့နှံ့မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရန်ကုန်တိုင်းကို သွားကူခြင်းကလည်း ကျန်တဲ့ ပြည်နယ်၊ တိုင်းကို ရောဂါသည်တွေ မပျံ့နှံ့အောင် ကာကွယ်ခြင်းနဲ့ အတူတူပါပဲ” ဟု ပြောသည်။ 

ဓာတ်ပုံ - စောသန်းထိုက်ဦး

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၄ နာရီခွဲတွင် ၅ ကြိမ်မြောက် အသုတ်အဖြစ် ကျန်းမာရေး ဝန်ထမ်း ၂၂ ဦးကို ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ် ကုသရေးဌာန ဒဂုံဆိပ်ကမ်းစင်တာနှင့် ဧရာ စင်တာများတွင် ကူညီဆောင်ရွက်ရန် စေလွှတ်လိုက်ပြီးနောက် ဒေါက်တာ ဌေးလွင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ကျန်းမာရေး ဝန်ထမ်းများသည် နေပြည်တော်မှတစ်ဆင့် ရန်ကုန်သို့ သွားရမည် ဖြစ်ပြီး အပြန်တွင် တတိယ အသုတ် စေလွှတ်ထားသည့် ကျန်းမာရေး စေတနာ့ဝန်ထမ်း အယောက် ၂၀ ကို အလဲအလှယ် လုပ်ကာ ပြန်ကြိုလာမည် ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းသို့ သွားရောက်မည့် ကျန်းမာရေး ဝန်ထမ်းများကို တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေးပြီး လွိုင်ကော်မြို့ခံ အလှူရှင်တချို့ကလည်း ငွေကြေးနှင့် စားနပ်ရိက္ခာများ ဝိုင်းဝန်း ပံ့ပိုးပေးကြောင်း သိရသည်။  

ရန်ကုန်တိုင်းမှ ပြန်လာမည့် ကျန်းမာရေး စေတနာ့ ဝန်ထမ်းများ ပြန်ရောက်လာလျှင် လွိုင်ကော်မြို့ သူနာပြုသင်တန်းကျောင်း၌ ကွာရန်တင်း ၁၄ ရက်နှင့် နေအိမ် ကွာရန်တင်း တစ်ပတ်ကြာ နေရမည် ဖြစ်သည်။  

နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၈ နာရီအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၇၄၈၈၂ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၅၅၆၃၃ ဦး၊ သေဆုံးလူနာ ၁၆၇၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required