၂၀၂၁ ခုနှစ်မှာ ဘယ်သူ သမ္မတဖြစ်မလဲ

၂၀၂၁ ခုနှစ်မှာ ဘယ်သူ သမ္မတဖြစ်မလဲ

နိုဝင်ဘာ ၂၀ ၊ ၂၀၂၀

မြန်မာနိုင်ငံမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ရာ လက်ရှိ အစိုးရကို ဖွဲ့စည်းထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကသာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်မှာ ဖြစ်တည်လာမည့် အစိုးရသစ်ကိုလည်း NLD ပါတီကပဲ ဦးဆောင်ဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။

ထို့ကြောင့် လာမည့် ၂၀၂၁ ခုနှစ်တွင် မည်ကဲ့သို့သော စနစ်မျိုးဖြင့် အစိုးရတစ်ရပ်ပေါ်ပေါက်လာမလဲ၊ မည်သူ ကို သမ္မတ တင်မြှောက်ကာ တာဝန်ပေးအပ်လာမလဲ၊ မည်သို့သော အပြောင်းအလဲများကို ဖော်ဆောင်မလဲ စသည့် လဲပေါင်းစုံဖြင့် မေးခွန်းများထုတ်ကာ သတိထား စောင့်ကြည့် အကဲခတ်နေကြပါသည်။

တချို့ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ရပ်တန့်နိုင်ရေး၊ စီးပွားရေးကျဆင်းမှုကို ပြန်လည်မြှင့်တင်နိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး၊ တရား ဥပဒေစိုးမိုးနိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်နိုင်ရေး၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်နိုင်ရေး၊ တည် ငြိမ်သော ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဖော်ဆောင်နိုင်ရေး စသည့် အရေးပေါင်းမြောက်များစွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲကနေတဆင့် မဲရလဒ်အရ ညှိနှိုင်း တည် ဆောက်သည့် အစိုးရမျိုးမဟုတ်ဘဲ သဘောထားကြီးသော အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကို ဖော် ဆောင်သင့် သည်ဟု ဆိုကြသည်။

အလားတူ တချို့ကလည်း ၂၀၂၁ ခုနှစ်တွင် ဖြစ်တည်လာမည့် အစိုးရသစ်ကို ဦးဆောင်မည့် သမ္မတသည် သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင် (လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကို တင်မြှောက်ကာ အစိုးရသစ်ကို ဦးဆောင်နိုင်ခြေရှိကြောင်း သုံးသပ် ခန့်မှန်းနေကြသလို တချို့ကလည်း လက်ရှိသမ္မတ ဦးဝင်း မြင့် သို့မဟုတ် သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး သို့မဟုတ် ဦးရွှေမန်း သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သို့မဟုတ် ဦးကျော်တင့်ဆွေ စသည့် ပုဂ္ဂိုလ်များထဲက  တစ်ဦးဦး ဖြစ်နိုင်သည်ဟုလည်း အမျိုး မျိုးသုံးသပ် ခန့်မှန်းနေကြသည်။

မည်သို့ပင်ဆိုစေကာမူ အထက်ပါ အခြေအနေများသည် ခန့်မှန်းချက်များနှင့် ဖြစ်စေလိုသော ဆန္ဒများကို ထုတ် ဖော်နေခြင်းသာဖြစ်ပြီး လက်တွေ့ အခြေအနေကတော့ ၂၀၂၁ ခုနှစ်၊ မတ်လမှာ အစိုးရသစ်ကို ဖွဲ့စည်းကာ လွှတ်တော်သို့ တင်သွင်း အဆိုပြုမည့် အခြေအနေကို မြင်တွေ့ရသည့်အခါမှသာ အတည်ပြုချက် ရကြမည် ဖြစ်သည်။

သို့သော်လည်း နိုင်ငံရေးဆိုသည့် သဘောတရားအရ ကြိုတင် ခန့်မှန်းတွက်ချက်ကာ နိုင်ငံရေး အခင်းအကျင်း များကို ပြင်ဆင်ကြလေ့ရှိသည့်အလျောက် မီဒီယာသမားများကလည်း ဖြစ်နိုင်ခြေများကို စုံစမ်းဖော်ထုတ်ကာ ပြည်သူသို့ တင်ပြရန် တာဝန်ရှိသည့်အတွက်ကြောင့် ၂၀၂၁ ခုနှစ်မှာ ဘယ်သူ သမ္မတဖြစ်နိုင်သလဲဆိုတာကို ခန့်မှန်းတင်ပြပါရစေ။ အခု ခန့်မှန်းတင်ပြပေးမည့် ပုဂ္ဂိုလ်ကတော့ အများစု မတင်မှတ်ထားသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ထိုသူကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူပဲ ဖြစ်ပါသည်။ ဦးမင်းသူသည် NLD အစိုးရ လက်ထက်မှာ ရာထူးတိုး အမြန်ဆုံးနှင့် အရေးပါဆုံးသူ တစ်ဦးဖြစ်လာသည်ကို သတိပြုမိမှ မြင်ပါလိမ့်မည်။

ဓာတ်ပုံ- ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို တွေ့ရစဉ် (ပုံ-Min Tun fb)

NLD ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး ၂၀၁၆ ခုနှစ်၊မတ်လမှာ အစိုးရ တာဝန်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရထံ ကနေ အစိုးရတာဝန်များ လွှဲပြောင်းရယူကာ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ထိုသို့ NLD အစိုးရသစ်ကို ဖွဲ့စည်းသည့် ၂၀၁၆ ခုနှစ်၊မတ်လကုန်နောက်ပိုင်း ၂၀၁၆ ခုနှစ်၊ဇူလိုင် ၄ ရက်မှာပဲ ဦးမင်းသူကို နေပြည်တော်ကောင်စီအဖွဲ့ဝင်အဖြစ် သမ္မတဦးထင်ကျော်က ခန့်အပ်ခဲ့ပြီးနောက် လေးလကျော် အကြာ ဒီဇင်ဘာ ၁၂ ရက်တွင် သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သမ္မတဦးထင်ကျော်ကပဲ ခန့်အပ် တာဝန် ပေးခဲ့ပါသည်။

သမ္မတဦးထင်ကျော် ကျန်းမာရေးအရ သမ္မတတာဝန်ကနေ အနားယူပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသည့် ဦးဝင်းမြင့် သမ္မတဖြစ်လာသည့်အခါ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဦးမင်းသူကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တာဝန်ယူနေသော ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပြန်သည်။

ဤသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရပြီး သိပ်မကြာ ခင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိသည့် အထွေထွေအုပ်ချုပ် ရေးမှူး ဦးစီးဌာနကို ဦးမင်းသူ ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပေး လိုက်သည်။

ဓာတ်ပုံ - ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ရန်ကုန်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဝန်ထမ်းများဖြင့် တွေ့ဆုံစဉ် (ပုံ-Myanmar Digital News ဘလော့)

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကို အဓိက မောင်းနှင်ကာ ထိန်းချုပ်ထားသည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ပါဝင်သည်။ တစ်နိုင်ငံလုံးကို ထိန်းချုပ်ကာ အုပ်ချုပ်ရေး ယန္တရားကို တည် ဆောက်ထားသော အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကို ဦးမင်းသူက ယနေ့ချိန်ထိ အုပ်ချုပ်ထားခြင်းကြောင့် ဦးမင်းသူသည် မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်သည့် အုပ်ချုပ်ရေးအတွေ့အကြုံကို ၂ နှစ်ကျော် သင်ယူလေ့လာထား ပြီး ဖြစ်သည်။

အထက်ပါ အခြေအနေများသည် ဦးမင်းသူဆိုသော လူပုဂ္ဂိုလ်၏ ထူးခြားသော အခြေအနေများနှင့် အုပ်ချုပ်ရေး ယန္တရားကို ကိုင်တွယ်နိုင်ရန်အတွက် ဖြေးဖြေးချင်း သင်ယူလေ့လာခဲ့မှုများဖြစ်သည်။

နိုင်ငံတော် အကြီးအကဲများနှင့် ဆက်ဆံရေးကို ကြည့်မည်ဆိုပါကလည်း ပထမဦးဆုံး အနေဖြင့် ဦးမင်းသူနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကြားက ဆက်ဆံရေးသည် မောင်နှမ ဆက်ဆံ ရေးမျိုး ဖြစ်ကြောင်း နီးစပ်သူများထံမှ ကြားသိရသည်။ ဦးမင်းသူသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်သကဲ့သို့ ဦးမင်းသူ၏ အမျိုးသမီး ဒေါ်လွင်မေသိန်းသည်လည်း တစ်ချိန်က ဒေါက်တာ တင်မာအောင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကြားက ဆက်ဆံရေးမျိုးကဲ့သို့ တည်ဆောက်ထားနိုင်သည်ဟု ကြားသိရသည်။

ဤကဲ့သို့ ဆက်ဆံရေးကောင်း တစ်ရပ်ကို ထူထောင်နိုင်ခဲ့ခြင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မိဘများနှင့် ဒေါ်လွင်မေသိန်း၏ မိသားစု/အဘိုးများကြား ဆက်ဆံရေးသည် တမူထူးခြားကာ ပတ်သက်ဆက်နွယ်နေ ခြင်းကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်လွင်မေသိန်းကြား ဆက်ဆံရေးက ပိုမို နီးစပ်နေခြင်းဖြစ် သည်ဟု ဆိုကြသည်။

ဓာတ်ပုံ - -အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသူ ဦးမင်းသူ (တိုက်ပုံအင်္ကျီနှင့်လူ) (ပုံ- အတိုင်ပင်ခံရုံး)

အဘယ်ကြောင့်ဆိုသော် ဒေါ်လွင်မေသိန်းသည် မြန်မာနိုင်ငံ၏ အဓိပတိဖြစ်သူ ဒေါက်တာဘမော်နှင့် ဆွေမျိုး (ဒေါ်လွင်မေသိန်းသည် ဒေါက်တာဘမော်၏ အစ်ကိုဖြစ်သူ ဒေါက်တာဘဟန်၏ မြေးဖြစ်သည်)တော်စပ်ရာ ဒေါက်တာဘမော်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့သမိုင်းတွင် ပတ်သက် ဆက်နွယ်ခဲ့ဖူးသူများ ဖြစ်ခဲ့ကြသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်လွင်မေသိန်းတို့ကြား ဆက်ဆံရေး မှာ တခြားသူများထက် တမူထူးခြားသော ဆက်ဆံရေးဖြစ်နေသည်ဟု မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ပြော ဆိုနေ ကြသည်။

ဦးမင်းသူနှင့် တပ်မတော်ကြား ဆက်ဆံရေးကို တစ်ဖန်ကြည့်ပြန်ပါကလည်း ဦးမင်းသူသည် ၁၉၇၅ ခုနှစ်က စစ်တက္ကသိုလ် အပတ်စဉ်-၂၀ ကိုတက်ရောက်ခဲ့ပြီး တပ်မတော်(လေ)မှာ ဗိုလ်မှူးကြီး အဆင့်ထိ တာဝန် ထမ်း ဆောင်ခဲ့သည်။

တပ်မတော်(လေ)တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ် ဒုတိယဌာနမှူးအဖြစ်လည်း ကောင်း၊ မြိတ်လေတပ်စခန်းဌာနချုပ် ဒုတိယဌာနမှူးအဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် ဦးမင်းသူသည် ၂၀၀၃ ခုနှစ်တွင် National Defense College(NDC) ကျောင်းဆင်းပြီးချိန် အရပ်ဘက် ပို့ဆောင် ရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှာ ပိုင်းလော့ အနေနှင့် လေယာဉ်မောင်းခဲ့သည်။ နောက်ပိုင်းမှာတော့ ဦးတေဇပိုင်သည့် Air Bagan မှာ လေယာဉ်မှူးအဖြစ် တာဝန်ယူ ကာ လေယာဉ်မောင်းခဲ့သည်။
ဦးတေဇဆီကနေ အလုပ်ထွက်ပြီးတော့လည်း Golden Myanmar Airlines သို့ ပြောင်း၍ လေယာဉ်မှူး အနေ ဖြင့် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့သည်။

ဤသို့ လေယာဉ်မောင်းနေစဉ်ကာလ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အနိုင်ရ၍ အစိုးရဖွဲ့စည်းသည့်အခါမှာ NLD ပါတီသည် ဦးမင်းသူကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၄ ရက်မှာ နေပြည်တော်ကောင်စီဝင်အဖြစ် ပထမဦးဆုံး ခန့်အပ်ကာ တာဝန်ပေးခဲ့ရာမှ ယခု ပြည် ထောင်စုဝန်ကြီးအဆင့်ထိ မြန်မြန်ဆန်ဆန်ဖြင့် ရာထူးတိုး တာဝန်များ ပေးအပ်ခြင်း ခံခဲ့ရသည်။

မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာတော့ ဦးမင်းသူကို ဒေါ်အောင်ဆန်းစုကြည်နှင့် ချိတ်ဆက်ပေးခဲ့သူ တစ်ဦး ရှိကြောင်း ထိုပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံရှိ ခရိုနီများထဲက တစ်ဦးဖြစ်ကြောင်း ပြောသံများ ထွက်နေသလို တချို့က လည်း ဦးမင်းသူ၏ဇနီး ဒေါ်လွင်မေသိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မိဘများကြားက ဆက်ဆံရေး ကြောင့် ခေါ်ယူ တာဝန်ပေးအပ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဓာတ်ပုံ - ဦးမင်းသူနှင့်ဇနီးကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။

မည်သို့ပင်ဆိုစေကာမူ ဦးမင်းသူ NLD အစိုးရအဖွဲ့အတွင်းမှာ ရာထူး မြန်မြန်တိုးနေခြင်းနှင့် အရေးပါသည့် နေရာသို့ မြန်မြန်ရောက်လာခြင်းက အံ့သြသင့်စရာကောင်းလှသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံ ကြည်မှု ရရှိခြင်းနှင့် အနီးကပ် ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်ခဲ့ခြင်းကလည်း အံ့သြသင့်စရာကောင်း လှသည်။

ဦးမင်းသူ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုကို ရရှိခြင်းနှင့် အနီးကပ် ဆက်ဆံရေးမျိုးကို ရရှိ ခဲ့ ခြင်းက ဦးမင်းသူ၏ တပ်မတော်သားဘဝ အပါအဝင် အရပ်သား လေယာဉ်မှူးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ကာလတစ်လျောက်လုံး နာမည် ပျက်မရှိခြင်း၊ နောက်ကြောင်း ရှင်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

အလားတူ ဦးမင်းသူသည် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း အစ်ကိုကြီး ညီလေး ဆက်ဆံရေးမျိုး ရှိခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဦးမင်းသူကို အားကိုးခြင်း ဖြစ်နိုင်သည်။

ဦးမင်းသူသည် စစ်တက္ကသိုလ် အပတ်စဉ် -၂၀ ကဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ စစ်တက္ကသိုလ် အပတ်စဉ်-၁၉ ကဖြစ်သည့်အတွက် တပ်မတော်၏ စစ်တက္ကသိုလ် ၄ နှစ်တာ ကာလအတွင်း ညီအစ်ကို ဆက်ဆံရေးမျိုးဖြင့် ဦးမင်းသူအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်ထိန်းသူ အဖြစ် ဖြတ်သန်းခဲ့ကြသည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရ-တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ကြား ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ အဆုံးအဖြတ် ကို ရယူရန် လိုအပ်လာသည့်အခါ အစိုးရကိုယ်စားလှယ်များသည် ဦးမင်းသူကို ဆက်သွယ်၍ ထိပ်သီးခေါင်း ဆောင် နှစ်ဦးထံ ချဉ်းကပ်ရမှုများလည်း ရှိကြောင်း သိရသည်။

ဓာတ်ပုံ -  ဒေါ်အောင်ဆန်းစုကြည်၊ ဒုတပ်ချုပ်၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့နှင့်အတူ တွေ့ရသည့် ဦးမင်းသူ (ပုံ-NRPC)

အဘယ်ကြောင့်ဆိုသော် ဦးမင်းသူသည် အပေါ်မှာ တင်ပြခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တက္က သိုလ်မှာ (၄)နှစ် ညီအစ်ကို ဆက်ဆံရေးဖြင့် နေထိုင်ခဲ့သည့်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည် မှုကို ရရှိထားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမ ဆက်ဆံရေးမျိုး တည်ဆောက် ထားနိုင်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုကိုလည်း ရရှိထားသူ ဖြစ်သည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာကြည့်လျှင် ဦးမင်းသူသည် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အမြင့်ဆုံး အစည်းအဝေးဖြစ်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) များတွင်ပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့နှင့်အတူ  တက်ရောက်လာသည်ကိုပင် တွေ့လာရသည်။

ယခင်က ဦးမင်းသူကို JICM အစည်းအဝေးများတွင် တွေ့ရလေ့မရှိပေ။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးမှာ စတင် တွေ့ရှိလာရပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၃ ရက် နေ့မှာ ကျင်းပခဲ့သော (၉)ကြိမ်မြောက် JICM အစည်းအဝေးတွင်လည်း တွေ့ခဲ့ရသလို နိုင်ငံတော်၏အတိုင်ပင်ခံ  ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်သည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ ဂုဏ်ပြုဆုကိုလည်း လက်ခံ ရရှိခဲ့သည်။

ဓာတ်ပုံ -  ဒေါ်အောင်ဆန်းစုကြည်နှင့်တစ်တန်းတည်းထိုင်ကာ JICM အစည်းအဝေးကို တက်ရောက်နေသည့် ဦးမင်းသူကိုတွေ့ရစဉ်(အစွန်းဆုံးကလူ) ပုံ-NRPC

အထက်ပါ အခြေအနေများ အားလုံးကို လေ့လာ သုံးသပ်ကြည့်လျှင် ဦးမင်းသူသည် NLD အစိုးရ လက်ထက် တွင် ရာထူးတိုးအမြန်ဆုံး၊ မြန်မာနိုင်ငံ၏ ထိပ်သီးခေါင်းဆောင် နှစ်ဦး ဖြစ်သည့်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဆက်ဆံရေး ကောင်းတစ်ရပ် တည် ဆောက်ထားနိုင်သလို ယုံကြည်မှုလည်း ရရှိထားသည်။

အလားတူ မြန်မာ တစ်နိုင်ငံလုံးကို အုပ်ချုပ်နေသည့် ယန္တရားဖြစ်သော အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကို သူဦးဆောင်နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ လွှဲပြောင်းရယူကာ မြန်မာတစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်သော အတွေ့အကြုံများအား လေ့လာသင်ယူထားပြီ ဖြစ် သလို ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း/ပြည်ပ ခရီးစဉ်များတွင် လိုက်ပါကာ သံတမန်ဆက်ဆံရေးနှင့် လူထု ဆက်ဆံရေးကို လေ့လာသင်ယူထားပြီး ဖြစ်သည်။

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို ဆက်လက် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD) ဦးဆောင် ဖွဲ့စည်းမည့် ၂၀၂၁ ခုနှစ်တွင် ဖြစ်တည်လာမည့် အစိုးရသစ်တွင် အနာဂတ် သမ္မတလောင်းမှာ ဦးမင်းသူ ဖြစ်လာနိုင်ခြေ များသည်။
အများထင်နေသော သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြဋ္ဌာန်းချက်အရ မဖြစ်နိုင်ပေ။ ဒေါ်စုစုလွင်ကို လေ့လာကြည့်လျှင် သမ္မတရာထူးအပေါ် စိတ်ဝင်စားမှု မရှိ သည်ကိုတွေ့ရသည်။ 

အလားတူ လက်ရှိသမ္မတ ဦးဝင်းမြင့် တာဝန်ယူနေစဉ် အခြေအနေကိုလေ့လာ ကြည့်ပါက ဆက်လက် တာဝန်ပေးအပ်နိုင်ခြေ အလွန်နည်းပါသလို ဦးဝင်းမြင့် ကိုယ်တိုင်လည်း တာဝန်ယူလိုစိတ် နည်းနေနိုင်သည့် အတွက် မဖြစ်နိုင်ပေ။

ထို့နောက် ဦးကျော်တင့်ဆွေမှာလည်း တပ်မတော်နှင့် ဆက်ဆံရေး သိပ်မကောင်းသလို အစိုးရအဖွဲ့အတွင်းမှာ တင်ထားသလောက် စွမ်းဆောင်ရည် မပြနိုင်သည့်အတွက် မဖြစ်နိုင်ဘူးဟု မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်း ကြား မှတ်ချက်ပေးနေကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးဆောင် ကြိုးပမ်းပေးလျှင် ဖြစ်နိုင်သော်လည်း လက်တွေ့မှာ ထိုအခြေအနေ ဖြစ်လာနိုင်ခြေ အလွန်နည်းသည့်အတွက် NLD က သမ္မတတင်မြှောက်နိုင်ခြေ မရှိနိုင်ပါ။

နောက်ဆုံး သူရဦးရွှေမန်း၏ အခြေအနေကို လေ့လာကြည့်ပါကလည်း အားလုံးသိသည့်အတိုင်း ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်တွင် ဖြစ်တည်လာမည့် အစိုးရသစ်တွင် အနာဂတ် သမ္မတလောင်းမှာ USDP ပါတီဝင် လည်းမဟုတ်၊ NLD ပါတီဝင်လည်းမဟုတ်သော နောက်ကြောင်းလည်း ရှင်းလင်းသည့် ဦးမင်းသူ ဖြစ်နိုင်ခြေများ သည်။ 

ဓာတ်ပုံ -  မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီးကို သမ္မတဦးဝင်းမြင့် တွေ့ဆုံစဉ် ဦးမင်းသူကိုလည်း တွေ့ရသည်(ပုံ-သမ္မတရုံး)

ဦးမင်းသူ သမ္မတဖြစ်လာမည်ဆိုလျှင် ၂၀၂၁ ခုနှစ်တွင် အနားယူရန် ရှိနေသော လက်ရှိ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေရာကို ဆက်ခံမည့် တပ်ချုပ်အသစ်သည် ဦးမင်းသူနှင့် ဂျူနီယာ-စီနီယာ ဆက်ဆံရေးမျိုး ရှိမည့်အတွက်ကြောင့် အစိုးရနှင့်တပ်မတော်ကြား ဆက်ဆံရေး ပိုမို ကောင်း မွန်လာနိုင်ခြေရှိသည်။

ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း ပိုမို အားကောင်းလာနိုင်သလို ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အရှိန်များ မမြင့်မားလာရေးကိုလည်း ထိန်းထားနိုင်ခြေရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လည်း ညင်ညင်သာသာဖြင့် ဆောင်ရွက်လာနိုင်ခြေရှိသည်။

NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် တချို့ကလည်း မကြာခင် ဖြစ်တည်လာမည့် အစိုးရ သစ်သည် လက်ရှိအစိုးရနှင့် ကွဲပြားခြားနားမည်ဖြစ်သကဲ့သို့ သမ္မတသည်လည်း လုပ်ပိုင်ခွင့်ရှိသည့် အခြေအနေ တစ်ရပ်ကို ရရှိမည်ဟု မီဒီယာများတွင် ပြောထားသည်။

အဆိုပါ အခြေအနေများ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် ၂၀၂၁ ခုနှစ်တွင် ဖြစ်တည်လာမည့် အစိုးရသစ် လက်ထက်မှာ သမ္မတလောင်းသည် ဦးမင်းသူသာ အနီးစပ်ဆုံးဖြတ်ရာ လက်တွေ့ အခြေအနေကတော့ အစိုးရသစ် ဖွဲ့စည်းမှု အချိန်ကိုသာ စောင့်ကြည့်ရပေတော့မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly