ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသားကို ဘိန်းစာပင်ရွက် ၂၀ ကီလိုဂရမ်နှင့် ဖမ်းမိ 

ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသားကို ဘိန်းစာပင်ရွက် ၂၀ ကီလိုဂရမ်နှင့် ဖမ်းမိ 
ထိုင်းနိုင်ငံ၊ ပရာချွတ် ခီရိခန်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် လူသွားလမ်းတစ်ခုကို ထိုင်းကင်းလှည့်အဖွဲ့က အောက်တိုဘာအတွင်း စစ်ဆေးနေစဉ် (ဓာတ်ပုံ - The Thaiger)

နိုဝင်ဘာ ၁၉

ထိုင်းနိုင်ငံ၊ ပရာချွတ် ခီရိခန်ပြည်နယ်၊ မူအန်တောင်ပိုင်းတွင် လူသွားလမ်းမှတစ်ဆင့် ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်၍ တရားမဝင် ဝင်လာသူ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ဘိန်းစာပင်ရွက် ၂၀ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထိုင်း-မြန်မာနယ်စပ်အနီး ဘန်ဟပ်ဖူအင်ကျေးရွာတွင် ရဲကင်းနှင့် ဒေသန္တရ အရာရှိများ ကင်းလှည့်စဉ် လွယ်အိတ်တစ်လုံးနှင့် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို သတိပြုမိပြီး စစ်ဆေးခဲ့သည်။ မြန်မာနိုင်ငံသားမှာ ဆန်းညွန့် (၄၅ နှစ်) ဖြစ်ပြီး ၎င်း၏ လွယ်အိတ်ထဲတွင် ဘိန်းစာပင်ရွက်များ တွေ့ရှိရာမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း The Thaiger သတင်းတွင် ဖော်ပြသည်။ 

ပရာချွတ် ခီရိခန်ပြည်နယ် တလျှောက်သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ 

ထိုင်းဘာသာဖြင့် ‘ခရာတွန်’ ဟု ခေါ်သည့် ဘိန်းစာပင်ရွက်ကို ထိုင်းနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးအဖြစ် သတ်မှတ်ထားသည်။ ဖမ်းမိသည့် ဆန်းညွန့်ကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတို့ဖြင့် အမှုဖွင့် စစ်ဆေးမည်ဟု သိရသည်။ 

COVID-19 ကပ်ရောဂါကြောင့် ထိုင်း-မြန်မာ နယ်စပ်၊ ပရာချွတ် ခီရိခန်ပြည်နယ်ကို စောင့်ကြည့်မှုများ တိုးမြှင့်ထားချိန်တွင် ယခုကဲ့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ ပြီးခဲ့လအတွင်း ပိုမိုဖမ်းမိခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly