စပိန်တရားသူကြီးက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်

စပိန်တရားသူကြီးက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်

မက်ဒရစ်၊ နိုဝင်ဘာ-၁၈ ။             ။ ၂၀၁၀ခုနှစ်က ပင်လယ်ပြင်တွင် လူသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုတစ်ခုအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် လက်ရှိနှင်လက်ဟောင်း အစိုးရအရာရှိများကို စပိန်တရားသူကြီးတစ်ဦးက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဝရမ်းကို မပယ်ဖျက်သေးသရွေ့ နေတန်ယာဟုနှင့် အဆိုပါအရာရှိများ အနောက်ဥရောပနိုင်ငံမြေပေါ် ခြေချလာပါက ၎င်းတို့ကို ဖမ်းဆီးစစ်မေးနိုင်မည်ဖြစ်သည်။

၂၀၁၀ခုနှစ်က ဖြစ်ရပ်မှာ လှေသင်္ဘောများကို စီးနင်းမှုဖြစ်ပြီး ပါလက်စတိုင်းလိုလားသူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစ္စရေးရေတပ်၏ ဂါဇာကမ်းမြှောင်အား ပိတ်ဆို့မှုကို ဟန့်တားရန် ကြိုးစားခဲ့ကြသည်။

အစ္စရေးရေတပ်ဖွဲ့များက အဆိုပါ လှေသင်္ဘောအုပ်စုကို ရပ်တန့်နိုင်ခဲ့သော်လည်း Mavi Marmaraဟုခေါ်သည့် တက်ကြွလှုပ်ရှားသူများ၏ သင်္ဘောများပေါ်သို့ တက်ရောက်သည့်အခါတွင် ဓားများ တင်းပုတ်များဖြင့် အတိုက်ခိုက်ခံခဲ့ရသည်။

ဤတွင် သေနတ်တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားရာ တက်ကြွလှုပ်ရှားသူ ၉ဦး သေဆုံးခဲ့ရသည်။ သေဆုံးသူအများစုမှာ မွတ်စလင်ညီနောင်များပါတီနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရသည့် တူရကီအင်ဂျီအို IHH အဖွဲ့ဝင်များပင်ဖြစ်သည်။

မစ္စတာ နေတန်ယာဟုအပြင် အမှုတွင် ပါဝင်ပတ်သက်နေသူများမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း အဗစ်ဒေါ လိုင်ဘာမန်း၊ ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်ကြသော မိုရှီ ယာလုံ၊ ဧဟွတ် ဘာရက်၊ ပြည်ထဲရေးဝန်ကြီးဟောင်း အီလီ ယီရှိုင်၊ ထောက်လှမ်းရေးဝန်ကြီးဟောင်း ဒန် မရီဒေါနှင့် ဌာနလက်ကိုင်မရှိသည့်ဝန်ကြီး ဘင်နီ ဘီဂျင်တို့ဖြစ်သည်ဟု ဆိုသည်။ အစ္စရေးအရာရှိများကမူ စပိန်၏ ဝရမ်းကို အလေးအနက်မထားဘဲ ငြင်းဆန်ခဲ့ကြသည်။

‘ဒါက ရန်စတာပါ။ အမှုကို ဖြစ်နိုင်သမျှအမြန်ဆုံး ပိတ်သိမ်းဖို့ မက်ဒရစ် အစ္စရေးသံရုံးက စပိန် အစိုးရရှေ့နေရုံးနဲ့ ဆက်သွယ်နေပါတယ်’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အီမန်နုရယ် နာရွှန်က The Times of Israel သို့ အင်္ဂါနေ့က ပြောကြားခဲ့သည်။

Mavi Marmaraသင်္ဘောပေါ် လိုက်ပါခဲ့သည့် စပိန်နိုင်ငံသား ၃ယောက်က နေတန်ယာဟုနှင့် ၎င်း၏အပေါင်းအပါများကို တရားစွဲခဲ့သည့် ၂၀၁၀ခုနှစ်က ဖြစ်ရပ်နောက်ပိုင်းတွင် ယခုကဲ့သို့ စပိန်က အစ္စရေးကို ပထဆုံးအမှုစွဲမှု ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။ တူရကီနှင့် ဗြိတိန်တို့ကလည်း အစ္စရေးကို တရားစွဲခဲ့ကြသေးသော်လည်း အမှုကို ဆိုင်းငံ့ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly