နိုဝင်ဘာ ၁၉
အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူဦးရေဟာ နှစ်သိန်းခွဲကျော် ရှိလာပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ဗုဒ္ဓဟူးနေ့ စာရင်းက ဖော်ပြလာတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမှာ အလွန်ဆိုးဝါးတဲ့ မှတ်တိုင်သစ် ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာ သေဆုံးသူ ၂၅၀၀၂၉ ဦး ရှိတဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ သေဆုံးနှုန်း အလွန်အမြင့်မားဆုံးနိုင်ငံဖြစ်ပြီး ယင်းနောက်မှာ ဘရာဇီးက ၁၆၆၆၉၉ ဦး၊ အိန္ဒိယက ၁၃၀၉၉၃ ဦးနဲ့ မက္ကဆီကိုက ၉၉၀၂၆ ဦး အသီးသီး သေဆုံးနှုန်း ရှိနေပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုဘေးကို အမြဲတမ်း လျော့ပေါ့ပြောဆိုပြီး နှာခေါင်းစည်းလည်း တပ်ဆင်ခဲသလို ရွေးကောက်ပွဲ မဲဆွယ်စဉ်ကလည်း လူစုရုံးမှုကြီးတွေ လုပ်ဆောင်ခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာတော့ ထရမ့်ဟာ ဒီမိုကရက်ပြိုင်ဖက် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ထားပါတယ်။
မကြာသေးခင်က ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ကြားမှာပဲ အမေရိကန်ရဲ့ တစ်ချို့နယ်မြေဒေသတွေမှာ လူခွာနေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနဲ့ အခြား ဗိုင်းရပ်စ် ကာကွယ်ရေးစည်းမျဉ်းတွေကို တော်ရုံ လိုက်နာကြတာမျိုးလည်း မရှိပါ။
နိုင်ငံတွင်းမှာ အခုဆို နေ့စဉ်ပျမ်းမျှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးပြီး ကူးစက်မှုက တစ်သိန်းခွဲဝန်းကျင် ရှိနေပါတယ်။
အခု သီတင်းပတ်မှာတော့ နယူးယောက်စီးတီးမှာ စာသင်ကျောင်းတွေကို ပြန်ပိတ်မှာ ဖြစ်ပြီး ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ စည်းမျဉ်းအချို့ ပြန်လည်ချမှတ်ထားပြီ ဖြစ်ပါတယ်။
ရလဒ်ကောင်း ထွက်ပေါ်တဲ့ စမ်းသပ်ဆဲ ကာကွယ်ဆေးနှစ်မျိုး ရှိလာပြီဖြစ်တာမို့ အမေရိကန်နဲ့ ကမ္ဘာအတွက် မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားပျံ့နှံ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁၃၄၃၀၀၀ ဦး ရှိကြောင်း အေအက်ဖ်ပီရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအပေါ် စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။