ဘယ်လ်ဂျီယံ၌ ပြိုင်ပွဲသုံး ခိုတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၁.၉ သန်းဖြင့် စံချိန်တင်လေလံအောင် 

By Business Insider
19 November 2020
ဘယ်လ်ဂျီယံ၌ ပြိုင်ပွဲသုံး ခိုတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၁.၉ သန်းဖြင့် စံချိန်တင်လေလံအောင် 
Photo - AP

နိုဝင်ဘာ ၁၉  

ဘယ်လ်ဂျီယံနိုင်ငံ၌ New Kim အမည်ရှိ ပြိုင်ပွဲသုံး ခိုတစ်ကောင်ကို နိုဝင်ဘာ ၁၅ ရက်က အမေရိကန်ဒေါ်လာ ၁.၉ သန်းဖြင့် စံချိန်တင် လေလံတင်ရောင်းချခဲ့ရကြောင်း Pipa ခိုစင်တာမှ စီမံကိန်းမန်နေဂျာ Niels Cuelenaere က ပြောသည်။ 

New Kim ကို ကြမ်းခင်းဈေး ၂၀၀ ယူရို (အမေရိကန်ဒေါ်လာ ၂၃၆) နဲ့ လေလံစတင်ခဲ့ပြီး နှစ်ပတ်အကြာမှာ စံချိန်တင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ 

New Kim ကိုမွေးမြူပိုင်ဆိုင်သည့် မိသားစုဝင်ဖြစ်သူ Kurt Van de Wouwer က ထိုဈေးဖြင့်လေလံတင်ရောင်းချနိုင်ခဲ့သောကြောင့် အတော်ပင် အံ့အားသင့်ခဲ့ရကြောင်းပြောသည်။ ခိုပြိုင်ပွဲလောက၌ Kurt Van de Wouwer ကို  အထူးသဖြင့် တရုတ်နိုင်ငံက ခိုဝါသနာအိုးများက သိထားကြသည်။  

AP သတင်းအရ အမည်ရင်းမဖော်လိုသည့် Super Duper နှင့် Hitman ဆိုသူ တရုတ်လူမျိုးလေလံဆွဲသူနှစ်ဦးက လေလံစတင်ပြီး နာရီဝက်အတွင်းမှာပင် အမေရိကန်ဒေါ်လာ ၃၂၅ ၀၀၀ အထိ ပေးခဲ့ကြကာ New Kim ၏ ဈေးနှုန်းမှာမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးတွင် Super Duper က ခိုမလေး New Kim အား လေလံအောင်ခဲ့ပြီး ခိုပြိုင်ပွဲအတွက် ခိုများထပ်မံမွေးမြူရန် သားစပ်မည်ဟု မျှော်လင့်ရသည်။ ခိုပြိုင်ပွဲသည် တရုတ်သန်းကြွယ်သူဋ္ဌေးများအကြားတွင် ခေတ်စားလာသည်။ 

Super Duper ဆိုသည့် လေလံဆွဲသူမှာ ၂၀၁၉ ခုနှစ်က Armando ခေါ် ပြိုင်ခိုတစ်ကောင်အား အမေရိကန်ဒေါ်လာ ၁.၄ သန်းဖြင့် စံချိန်တင်ဝယ်ယူခဲ့သူတစ်ဦးဖြစ်ကြောင်း Cuelenaere က အတည်ပြုခဲ့သည်။ လေလံအောင်သွားသူသည် ပျံအားကောင်းသော အဆိုပါခိုနှစ်ကောင်ကို မျိုးစပ်လိမ့်မည်ဟု Pipa ခိုမွေးမြူရေးစင်တာက ဆိုသည်။ New Kim သည် အသက် နှစ်,နှစ်သာရှိသေးသည်။  

ခိုတစ်ကောင်ချင်း၏ ပျမ်းမျှလေလံတန်ဖိုးမှာ  ၂၁ ၀၀၀ ယူရို (အမေရိကန်ဒေါ်လာ ၂၅ ၀၀၀) နီးပါးရှိပြီး ခိုတစ်အုပ်လုံးအတွက် ယူရို သန်း ၉.၅ သန်း ဖြင့်ရောင်းချမည်ဟု Cuelenaere က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly