ပေကျင်းမှ စီမံကိန်းများကို ရွှေ့ဆိုင်းထားသောကြောင့် တရုတ်-ပါကစ္စတန် CPEC စီမံကိန်းသည် အချိန်ကြာမြင့်ဦးမည်ဖြစ်

ပေကျင်းမှ စီမံကိန်းများကို ရွှေ့ဆိုင်းထားသောကြောင့် တရုတ်-ပါကစ္စတန် CPEC စီမံကိန်းသည် အချိန်ကြာမြင့်ဦးမည်ဖြစ်

နိုဝင်ဘာ ၁၉ 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် နိုင်ငံခြားကြွေးမြီ ကန့်သတ်ချက်များကြောင့် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ အစိတ်အပိုင်းတစ်ချို့ စီမံကိန်းများအား ပေကျင်းက ရွှေ့ဆိုင်းထားသည့်အတွက် ပါကစ္စတန်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေးလာခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းသည် စစ်အစိုးရ၏ လက်အောက်တွင်ရှိနေသဖြင့် ဝေဖန်ခံနေရသည့်အပြင် တရုတ်၏ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုအကြီးစားများအား ဦးစားပေး၍ အလျင်အမြန် လုပ်ဆောင်ခြင်းမရှိသည့်အတွက် နိုင်ငံတွင်း ကြီးမားသောဝေဖန်မှုများနှင့် ကြုံတွေ့နေရကြောင်း အာရှတိုင်းမ်မှ ဖော်ပြထားသည်။

၂၀၁၈ခုနှစ်တွင် ခန်းသည် ယခင်အစိုးရ၏ အကျင့်ပျက်ခြစားမှုများကို သံသယရှိသည့်အတွက် CPEC စီမံကိန်းမျာစွာကို ရွှေ့ဆိုင်းထားခဲ့သည်။ သို့သော် နှစ်နှစ်အကြာတွင် သူ၏ ဝန်ကြီးအဖွဲ့ဝင်များသည် နိုင်ငံစွမ်းအင်ကဏ္ဍ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်ကြောင်း နာမည်ထွက်လာကြသည်။ ပါကစ္စတန် စွမ်းအင် ကုမ္ပဏီများ၏ ၃ပုံ ၁ပုံခန့်သည် CPEC လက်အောက်ရှိ တရုတ်စီမံကိန်းမျာတွင် ပါဝင်ပတ်သတ်နေကြသည်။

 ပါကစ္စတန် လုံခြုံရေးနှင့် လဲလှယ်ရေးကော်မရှင်(SECP) မှ ပြုစုပြီး ခန်းအား ဧပြီလတွင် တင်ပြခဲ့သော စာမျက်နှာ ၂၇၈ မျက်နှာပါ စုံစမ်းရေးအစီရင်ခံစာတွင် ခန်း၏ အကြံပေးများဖြစ်သော ရာဇတ်ဒါဝုဒ်နှင် နာဒင်းမ်ဘာဘာ တို့အပါအဝင် လွတ်လပ်သောစွမ်းအင်ထုတ်လုပ်သူ (IPPs ) ၁၆ ခုသို့ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံခန့် တရားမဝင်ထောက်ပံ့မှုများ ပေးခဲ့ကြောင်း အာရှတိုင်းမ်က ပြောကြားထားသည်။

 SCEP သည် တရုတ်စွမ်းအင်ကုမ္ပဏီများမှ ရရှိသော အမြတ်အစွန်းများကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ Shandong Ruyi Pakistan Ltd (HSR) နှင့် Port Qasim Electric Power Co Ltd (PQEPCL) တို့သည် ရူပီး ၄၈၃.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဘီလီယံ) ခန့် မတန်တဆ ရရှိခဲ့ကြကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ အတိုက်အခံပါတီ ၁၁ ခုပါဝင်သော ပါကစ္စတန်ဒီမိုကရက်တစ်လှုပ်ရှားမှု (PDM) သည် အင်မရန်ခန်းဦးဆောင်သော အစိုးရအား တရုတ်ထောက်ပံ့သော စီမံကိန်းများ အထူးသဖြင့် ပြီးခဲ့သော ၅လခန့်အတွင်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့သော လမ်းနှင့် ရထားလမ်း အဆင့်မြှင့်တင်ရေး အစီအစဉ်များကို လျင်မြန်စွာလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
 
PDM သည် CPEC အာဏာပိုင်အဖွဲ့ ဥက္ကဌ၊ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး အာဆင်ဆလင်းဘာဂျဝါအား အမေရိကန်ရှိ သူ၏ ကိုယ်ပိုင်နှင့် မိသားစု စီးပွားရေးပိုင်ဆိုင်မှုများကို ရှင်းလင်းခြင်းမပြုပြီးမချင်း ရာထူးမှ ဖယ်ရှားရန်လည်း တောင်းဆိုခဲ့သည်။

မကြာသေးမီက ဒေသတွင်းမီဒီယာတစ်ခုသည် ဘာဂျဝါ၏ မိသားစုများပါဝင်နေသည့် အမေရိကန်၊ ယူအေအီးနှင့် ကနေဒါရှိ ကုမ္ပဏီနှင့် လုပ်ပိုင်ခွင်ပေါင်း ၁၀၀ ကျော်ပါဝင်သော သူ၏ ကမ်းလွန်စီးပွားရေးလုပ်ငန်းများကို ထုတ်ဖော်ခဲ့သည်။

 ၂၀၁၉ခုနှစ်တွင် ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုခင် CPEC အာဏာပိုင်အဖွဲ့အား တည်ထောင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီးအား ဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။ အစောပိုင်းတွင်မူ စီမံကိန်းနှင့် ဖွံဖြိုးရေးဝန်ကြီးဌာနသည် CPEC စီမံကိန်းများကို ကြီးကြပ်ခဲ့သည်။

ပိုမိုကြီးမားသော စီမံကိန်းများအပေါ် ခန်း၏ နှေးကွေးသော လုပ်ဆောင်မှုများအတွက် အလိုမကျဖြစ်လာသော ပေကျင်းသည် CPEC စီမံကန်းများတွင် စစ်တပ်ကို တိုက်ရိုက်ပါဝင်စေလိုသဖြင့် တရုတ်က အစိုးရကို CPECA အား ဖိအားပေးစေခဲ့ကြောင်း စီမံကိန်းဝန်ကြီးဌာန အရင်းအမြစ်များက အာရှတိုင်းမ်ကို ပြောကြားခဲ့သည်။

မကြာသေးမီက ပေါ်ထွက်လာသော ဘာဂျဝါ၏ ကမ်းလွန်ပိုင်ဆိုင်မှုသည် ပုဂ္ဂလိဂအကျင့်ပျက်ခြစားမှုကို ကာကွယ်ရန် ပါကစ္စတန်နှင့် လက်တွဲလုပ်ဆောင်လိုသော တရုတ်အား ထိတ်လန့်စေခဲ့ကြောင်း အရင်းအမြစ်များက ထပ်မံဖော်ပြထားသည်။

ထိုဖွင့်ဟဖော်ထုတ်မှုများအပြီးတွင် တရုတ်သမ္မတရှီကျင်းဖျင်၏ စက်တင်ဘာလအတွင်း ပါကစ္စတန်လို့ လာရောက်လည်ပတ်ရန် ခရီးစဉ်အား ကိုဗစ်- ၁၉ ရောဂါကို တရားဝင်အကြောင်းပြချက်အဖြစ်ဖော်ပြကာ ရွှေ့ဆိုင်းခဲ့သည်။

CPEC အာဏာပိုင်အဖွဲ့ အမိန့်ပြန်တမ်းသည် CPECA၏ ဥက္ကဌနှင့် ဝန်ထမ်းများအား တရားစွဲဆိုမှုများအားလုံးမှ လွတ်ငြိမ်းခွင့်ပေးထားကြောင်း၊ အမျိုးသားတာဝန်ခံမှုဗျူရို(NAB)၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးအေဂျင်စီ(FIA) နှင့် ရဲများထံမှ အကာအကွယ်ပေးထားကြောင်း အာရှတိုင်းမ်က ဖော်ပြထားသည်။

“CPECA ရဲ့ တရားဝင်မှုပြဿနာ၊ ဥက္ကဌရဲ့ တရားဥပဒေအရ အရေးယူမှုတွေကနေ ကင်းလွတ်ခွင့်၊ အာဏာပိုင်အဖွဲ့ ဥက္ကဌရဲ့ ပြည်ပရောက် မိသားစုစီးပွားရေး အငြင်းပွားမှုတွေက မကောင်းတဲ့အမြင်တွေ ဖြစ်ပေါ်စေနေပြီးတော့ CPECA ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်ဖို့အတွက် ဖြေရှင်းရမယ်”ဟု ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ်ခေါင်းဆောင်၊ ပါကစ္စတန်-တရုတ်အင်စတီကျု အကြံပေးအဖွဲ့ ဥက္ကဌ၊ လွှတ်တော်အမတ် မူရှာဟစ်ဟူစိန်ဆာရတ်က အာရှတိုင်းမ်သို့ ပြောကြားခဲ့သည်။

PDM အနေဖြင့် CPECA၏ ကင်းလွတ်ခွင့် အပိုဒ်ငယ်နှင့် စပ်လျဉ်း၍ စိုးရိမ်မှုများရှိကြောင်း သူက ထပ်မံပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို အကြောင်းပြ၍ CPEC စီမံကိန်းနှောင့်နှေးမှုအပေါ်သူက “ထပ်ပြောရရင် တရုတ်သံတမန်အသစ် နုန်းရုန်က CPEC ကို တွန်းအားပေးနိုင်တဲ့ စီးပွားရေးနောက်ခံ ကောင်းကောင်းကနေလာတာဖြစ်တယ်။ အနောက်နိုင်ငံတွေနဲ့ အနောက်နိုင်ငံအဖွဲ့တွေက  အထူးသဖြင့် ဝါရှင်တန်က CPEC ကို ဖိအားတွေပေးနေတယ်။ ဒါပေမဲ့ ပါကစ္စတန်က ဒီဖိအားတွေကို ခံနိုင်ရည်ရှိဖို့ စိတ်အားထက်သန်မှုတွေ၊ အဆင်သင့်ဖြစ်နေမှုတွေ၊ စွမ်းဆောင်ရည်တွေကို ပြသပြီးပြီ ”ဟု ဆိုခဲ့သည်။

ယခုရက်သတ္တပတ်များအတွင်း ဘာလိုချီစတန်နှင့် စင်ဒ်တွင် အလုပ်လုပ်ကိုင်နေသော တရုတ် အလုပ်သမားများနှင့် အင်ဂျင်နီယာများ  ပစ်မှတ်ထား အသတ်ခံနေရသည့်အတွက ပါကစ္စတန်၏ စီးပွားရေး ဆိုးဝါးစွာကျဆင်းနေချိန်တွင်  တရုတ်နိုင်ငံသားများအား နာရီနှင့်အမျှ လုံခြုံရေးပေးရသော ကုန်ကျစရိတ်သည် စီမံကိန်းစရိတ်များကို ပိုမိုကုန်ကျစေကြာင်း အာရှတိုင်းမ်က ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် ပါကစ္စတန်သည် ML-1 ရထားလမ်းစီမံကိန်းအတွက် တရုတ်ချေးငွေမှ အတိုးငွေ တစ်ရာခိုင်နှုန်း အတိုးနှုန်းကို တောင်းခံခဲ့သည်။ သို့ရာတွင် တရုတ်သည် တောင်းဆိုမှုကို အသိအမှတ်ပြုမည့်အစား အချိန်ဆွဲသည့်နည်းလမ်းကိုအသုံးပြုကာ အစ္စလာမ်ဘတ်အား မြင့်မားသည့် အတိုးနှုန်းကို လက်ခံရန် ဖိအားပေးလျက်ရှိသည်။ ခန်းနှင့် ဘန်ဂျဝါတို့သည် မီးရထားလမ်း ဖောက်လုပ်နိုင်ရန် မျှော်လင့်ချက်ဖြင့် တရုတ်ဖွံဖြိုးတိုးတက်မှုဘဏ်နှင့် တရုတ် ပို့ကုန်-သွင်းကုန် ဘဏ်များ၏ ချေးငွေစည်းမျဉ်းများကို သတ်မှတ်ပေးနိုင်သည်ဟု ယုံကြည်သည့် တရုတ်သမ္မတ ရှီကျင်းဖျင်ထံ ပြဿနာကို တင်ပြရန် စီစဉ်နေသည်ဟု သတင်းများက အာရှတိုင်းမ်က ဖော်ပြထားသည်။

ပါကစ္စတန်မီးရထားဝန်ကြီး ရှိခ်ရရှိအာမတ်က စီမံကိန်းသည် အဆင်သင့်ဖြစ်ကြောင်း အလေးအနက်ပြောကြားသော်လည်း လစဉ်ပြုလုပ်လေ့ရှိသည့် CPEC ၏ ပူးတွဲညှိနှိုင်းရေးကော်မတီ(JCC) ၏ ပြန်လည်သုံးသပ်သည့်အစည်းအဝေးအရ လာမည့်လအစည်းအဝေးတွင် ML-1 စီမံကိန်းသည် အဆုံးသတ်ရန် မဖြစ်နိုင်ပေ။ CPEC လက်အောက်ရှိ ပတ်ရှ်ဝါအများပြည်သူသယ်ယူပို့ဆောင်ရေး စီမံကိန်း၊  ဆွပ်စ် အမြန်လမ်းမကြီး-အပိုင်း (၂)  နှင့် ပက်ရှ်ဝါ-ဒီ ခန် ကာလမ်းမ တို့သည်လည်း ရွှေ့ဆိုင်းထားပြီး နောက်လာမည့် JCC အစည်းအဝေး အစီအစဉ်တွင် မပါဝင်ကြပေ။
 
ပရော့ဂ်ဘောဂဗေဒနှင့် စီးပွားရေးတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး ဂျန်မာစရက်စင်တာမှ လက်ထောက်ပါမောက္ခ ဂျယ်ရမီဂါးလစ်က ပေကျင်းသည် မကောင်းသော သဘောတူညီချက်နှင့် အဆုံးမသတ်လိုသည့်အတွက် ML-1 အပေါ်တွင် အချိန်ဆွဲသည့်နည်းလမ်းကို အသုံးပြုနေခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာတင်ပြချက်ကို ကိုးကား၍ အာရှတိုင်းမ်က ဖော်ပြထားသည်။

“ပေကျင်းက ML-1 စီမံကိန်းကို မငြင်းဆန်ချင်ဘူး။ သူက ပါကစ္စတန်မှာ စိတ်နှစ်မြှုပ်ထားတဲ့ပုံ ပေါ်ချင်တယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအတွက် စွန့်စားရမယ့် အနေအထားဖြစ်နေတာကိုလည်း သတိပြုမိနေတယ်”ဟု သူက ထပ်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly