ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေ ရဲတပ်ဖွဲ့ဌာနချုပ်ရှေ့မှာ စုဝေးဆန္ဒပြ 

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေ ရဲတပ်ဖွဲ့ဌာနချုပ်ရှေ့မှာ စုဝေးဆန္ဒပြ 
Photo - AFP

နိုဝင်ဘာ ၁၉  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၁၈ ရက်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာ ရဲတပ်ဖွဲ့ဌာနချုပ်ရုံးရှေ့မှာ စုဝေးခဲ့ကြပြီး ရုံးချုပ်ရဲ့နံရံတံတိုင်းတွေကို ရောင်စုံဆေးတွေနဲ့ ပက်ဖျန်းခဲ့ကြပါတယ်။  

အစိုးရဆန့်ကျင်ပြသူတွေ၊ ထောက်ခံသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့လို့ လူ ၅၀ ထက်မနည်း ဒဏ်ရာရပြီး နောက်တစ်ရက်မှာပဲ ခုလို ဆန္ဒပြပွဲ ထပ်မံပေါ်ပေါက်ခဲ့တာပါ။  

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး၊ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ရာထူးက ဖယ်ရှားရေးနဲ့ ဘုရင်စနစ်ကို ပြောင်းလဲဖို့အထိပါ တောင်းဆိုဆန္ဒပြနေတာ လပေါင်းများစွာကြာမြင့်ပြီဖြစ်ပါတယ်။ 

ဆန္ဒပြခေါင်းဆောင်တွေက လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပြီးတဲ့နောက်  ခန့်မှန်းခြေ ဆန္ဒပြသူ ၂၀ ၀၀၀ ခန့်ဟာ ယမန်နေ့က ဘန်ကောက်မြို့ရဲ့အချက်အချာကျတဲ့လမ်းဆုံမှာ စုဝေးကာ ရဲဌာနချုပ်ဆီ ချီတက်ခဲ့ကြတာပါ။  

ဆန္ဒပြသူတွေဟာ နံရံတံတိုင်းတွေနဲ့ လမ်းမတွေမှာ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံ ဆောင်ပုဒ်တွေကို ဆေးနဲ့ရေးခြယ်ခဲ့ကြပါတယ်။  

ဆန္ဒပြသူတချို့က ရဲတပ်ဖွဲ့ဌာနချုပ်ရုံးရဲ့အုတ်တံတိုင်းပေါ်ကနေ ဖန်ပုလင်းတွေ ဆေးပူဖောင်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက် ည ၈ နာရီခွဲဝန်းကျင်လောက်မှာ ငြိမ်းချမ်းစွာနဲ့ လူစုခွဲခဲ့ကြပါတယ်။ 

ထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင် ဂျာတူပတ် ဘွန်ပတ်တာရာဆက်ဆာ ( Jatupat Boonpattarasaksa) က တော်ဝင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို စီမံဆောင်ရွက်ပေးတဲ့ Crown Property Bureau ဘဏ္ဍာရေးကုမ္ပဏီရှေ့မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ထပ်မံစုရုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

အင်္ဂါနေ့ကလည်း ပါလီမန်ဆီချီတက်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ဓာတုဆေးထည့်ထားတဲ့ ရေတွေသုံးပြီး နှိမ်နင်းခဲ့ကာ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ဘုရင်စနစ်ကိုလိုလားသူတွေအကြားလည်း ခိုက်ရန်တွေဖြစ်ပွားခဲ့ပါတယ်။  

အဆိုပါပဋိပက္ခအတွင်းမှာ လူ ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ပြီး ခြောက်ဦးလောက်က သေနတ်ထိမှန်ခဲ့လို့ ဒဏ်ရာတွေရခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required