မဲမသမာမှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့တဲ့ ရွေးကောက်ပွဲလုံခြုံရေးအရာရှိကို ထရမ့် အလုပ်ဖြုတ်

မဲမသမာမှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့တဲ့ ရွေးကောက်ပွဲလုံခြုံရေးအရာရှိကို ထရမ့် အလုပ်ဖြုတ်
Photo - AFP

နိုဝင်ဘာ ၁၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစိုးရရဲ့ အဆင့်မြင့် ရွေးကောက်ပွဲ လုံခြုံရေးအရာရှိကြီးတစ်ဦးကို အလုပ် ဖြုတ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်မှာ တွစ်တာကနေတဆင့် ကြေညာသွားခဲ့ပါတယ်။

အလုပ်ထုတ်ခံလိုက်ရတဲ့ ရွေးကောက်ပွဲ လုံခြုံရေးအရာရှိ ခရစ် ကရက်ဘ်စ်ဟာ နိုဝင်ဘာ ၃ ရွေးကောက်ပွဲမှာ ကြီးမားတဲ့ မဲမသမာမှု ရှိတယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောဆိုချက်တွေကို  အတိုက်အခံလုပ် ဆန့်ကျင်ပယ်ချထားခဲ့သူ ဖြစ်ပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ခရစ် ကရက်ဘ်စ် မကြာသေးခင်က ပြောခဲ့တဲ့ ထုတ်ဖော်ပြောကြားချက်ဟာ တော်တော်ကြီးကို မမှန်ကန်ပါဘူး၊ ဒီ မဲရေတွက်မှုတွေမှာ မရိုးသားမှုတွေနဲ့ လိမ်လည်မှုတွေ ကြီးကြီးမားမား ရှိနေခဲ့ပါတယ်” လို့ ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။

“ဒါကြောင့်မို့ပဲ ခုချက်ချင်းပဲ ခရစ် ကရက်ဘ်စ်ကို ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ ရပ်စဲလိုက်ပါပြီ” လို့ ထရမ့်က ထုတ်ဖော်သွားခဲ့ပါတယ်။

ခရစ် ကရက်ဘ်စ် ဦးဆောင်ခဲ့တဲ့ အေဂျင်စီဟာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ လုံခြုံစိတ်ချရမှု အရှိဆုံး ဖြစ်ခဲ့တယ်လို့ ပူးတွဲကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ကရက်ဘ်စ်ကလည်း ၎င်းရာထူးကနေ အထုတ်ခံရမှုကို ၎င်းရဲ့ တွစ်တာအကောင့်ကနေ အတည်ပြုသွားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ ရာထူးကနေ ဖယ်ရှားခံရဖွယ် ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်ကတည်းက ၎င်းရဲ့မိတ်ဆွေသူငယ်ချင်းတွေကို ပြောခဲ့သေးတယ်လို့ သိရပါတယ်။

ထရမ့်ကတော့ ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ကြောင်း ၀န်ခံဖို့ ငြင်းဆန်နေသလို မဲပေးမှုနဲ့ မဲရေတွက်မှုတွေမှာ မရိုးသားမှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုပြီး သက်သေအထောက်အထားမပြဘဲ ထပ်တလဲလဲ ပြောဆိုထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required