ကယားပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၄ ဦး ထပ်တွေ့ 

နိုဝင်ဘာ ၁၈၊ ၂၀၂၀ 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကင်းစင် ပြည်နယ်တစ်ခု ဖြစ်ခဲ့သော ကယားပြည်နယ်တွင် အောက်တိုဘာလလယ်မှ စတင်ကာ ကွာရန်တင်း ဝင်ရောက်သူများ၊ ကုန်တင်ယာဉ်မောင်းများကို စစ်ဆေးချက်အရ ကိုဗစ်ကူးစက်ခံရသူများရှိခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကိုဗစ်ရောဂါ အတည်ပြုလူနာ လေးဦး ထပ်မံစစ်ဆေးတွေ့ရှိရကြောင်း ကယားပြည်နယ် အစိုးရက သတင်းထုတ်ပြန်ထားသည်။  

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် လွိုင်ကော် မြို့အဝင် ဝါရီကောခူ အ.ထ.က ကျောင်း (ခွဲ) တွင် ဖွင့်လှစ်ထားသည့် ယာယီ ကုန်တင်ယာဉ်ရပ်နား စခန်းရှိ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် လွိုင်ကော် ပညာရေး ကောလိပ် ကွာရန်တင်း စင်တာတွင် အသွားအလာ ကန့်သတ်ထားသူများကို စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ပိုးတွေ့လူနာ လေးဦး ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။   

ယာဉ်ရပ်နား စခန်းတွင် ကုန်တင်ယာဉ်  ၅၂ စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၈၈ ဦးနှင့် အသွားအလာ ကန့်သတ်ထားသူ ၁၈၈ ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများကို တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL) သို့ ပေးပို့စစ်ဆေးခဲ့ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့ညတွင် ကယားပြည်နယ် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ 

ရောဂါပိုးတွေ့ရှိသူ အသက် ၃၅ နှစ် အရွယ် အမျိုးသားသည် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ် (ခ) ကွက်သစ် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် အမျိုးသမီးမှာ နောင်ယား (ခ) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း၊ ယင်းပိုးတွေ့သူ အမျိုးသမီးသည် ရန်ကုန်မြို့၊ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်၍ ပြန်ရောက်လာသူ ဖြစ်ကြောင်း သိရသည်။  

ထို့အပြင် ပိုးတွေ့လူနာ နှစ်ဦးနှင့် ထိတွေ့ခဲ့သူ လေးဦးကိုလည်း လွိုင်ကော်နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (န.တ.လ) ကွာရန်တင်း စင်တာသို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာ ထပ်မံရယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။  

ကိုဗစ်ရောဂါ ကင်းစင်ပြည်နယ် ဖြစ်ခဲ့ဖူးသည့် ကယားပြည်နယ်တွင် လက်ရှိအချိန်အထိ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း ၁၆ ဦး၊ ကုသမှု ဆက်လက်ခံယူနေသူ ခုနစ်ဦး၊ ဆေးရုံဆင်းခွင့်ရသူနှင့် ဆေးရုံလွှဲပြောင်းလိုက်သူ ကိုးဦးရှိကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly