အိုင်အက်အကြမ်းဖက်အုပ်စုက Anonymous ဟက်ကာများကို ငတုံးများဟုခေါ် ဆိုက်ဘာစစ်ပွဲ ပိုမိုပြင်းထန်လာ

အိုင်အက်အကြမ်းဖက်အုပ်စုက Anonymous ဟက်ကာများကို ငတုံးများဟုခေါ် ဆိုက်ဘာစစ်ပွဲ ပိုမိုပြင်းထန်လာ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၈ ။              ။ ပြီးခဲ့သည့် စနေနေ့က ဝမ်းနည်းဖွယ်ကောင်းလှသည့် ပါရီတိုက်ခိုက်မှုများအတွက် ဂုဏ်ယူနေသည့် အိုင်အက်စ် စစ်သွေးကြွအုပ်စုက ကွန်ပျူတာထွင်းဝိဇ္ဇာ ဟက်ကာအုပ်စု Anonymous နှင့် ဆိုက်ဘာစစ်ပွဲအတွက် စစ်မျက်နှာသစ် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

Facebookပိုင် WhatsAppနှင့် အလားသဏ္ဍန်တူသော ချက်တင်နှင့် လူမှုဝန်ဆောင်မှုဝဘ်ဆိုက်ဖြစ်သည့် Telegramတွင် လွှင့်တင်လာသည့် ပို့စ်တစ်ခုတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်ပုံရသည့် အကောင့်တစ်ခုက အိုင်အက်စ်အဖွဲ့ဝင်များအား Anonymousအုပ်စု၏ အန္တရာယ်ကို သတိပေးသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။.

အင်္ဂလိပ်ဘာသာဖြင့် လွှင့်တင်လာသည့် အဆိုပါပို့စ်တွင် စစ်သွေးကြွအုပ်စုကို ပစ်မှတ်ထားရန် ကြိုးစားနေသည့် Anonymous အုပ်စုကို ဝေဖန်ထားသည်။

‘အိုင်အက်စ်တွေအပေါ် ကွန်ပျူတာဖောက်ထွင်း စစ်ဆင်ရေးကြီးတစ်ခု ဆင်နွှဲမယ်လို့ ခြိမ်းခြောက်နေတဲ့ Anonymous ဟက်ကာတွေဟာ ငတုံးတွေပဲ။ သူတို့က ဘာကို ဟက်မှာတဲ့လဲ’’ဟု အဆိုပါပို့စ်တွင် ပြောကြားထားသည်ဟု မက်ဆေ့ချ်မိတ္တူ ရရှိခဲ့သည့် Business Insider ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါမက်ဆေ့ချ်မှာ လူပေါင်း ၁၃၀သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် စနေနေ့ ပါရီတိုက်ခိုက်မှုများအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။

တိုက်ခိုက်မှုများအပြီး မကြာမီတွင် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အစိုးရများမှသည် တရားမဝင်ညစ်ညမ်းဝဘ်ဆိုက်များအထိ ပစ်မှတ်ထားဖောက်ထွင်းခဲ့သည့် Anonymousက တုန့်ပြန်သည့်အနေဖြင့် အိုင်အက်စ်အကြမ်းဖက်အုပ်စုကို ခေတ်အဆက်ဆက် အကြီးမားဆုံး ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု ပြောကြားထားသည့် ဗွီဒီယိုကို လိုင်းတင်ခဲ့သည်။   

 ‘ထုနဲ့ထည်နဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေပါ။ စစ်ကြေညာလိုက်ပါပြီ။ အသင့်ပြင်ထားကြ။ တစ်ကမ္ဘာလုံးက Anonymousတွေကို မင်းတို့နောက်ကို ထပ်ချပ်မကွာလိုက်နေပြီ။ မင်းတို့ကို ငါတို့ရှာတွေ့မယ် ပြီးတော့ ထွက်ပြေးခွင့်လည်းမပြုတော့ဘူး’’ဟု အဖွဲ့အစည်းအမှတ်တံဆိပ် Guy Fawkes မျက်နှာဖုံးဝတ်ဆင်ထားသည့် Anonymous ကို ကိုယ်စားပြုသူတစ်ဦးက ဗွီဒီယိုထဲတွင် ပြောကြားခဲ့သည်။

စစ်ဆင်ရေးနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များကို ဝေငှရန် Anonymousက တရားဝင် တွစ်းတာအကောင့်တစ်ခုကို ဖွင့်လှစ်ထားသည်။ အင်္ဂါနေ့အစောပိုင်းတွင် အိုင်အက်စ်တို့၏ တွစ်တာအကောင့် ၅၅၀၀ကျော်ကို စီးနင်းနိုင်ခဲ့သည်ဟု Anonymousက ပြောကြားခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly