မိမိတို့ကို မထောက်ခံသူများ၏ အခွင့်အရေးကိုလည်း ကာကွယ် စောင့်ရှောက်မည်ဟု NLD ပါတီ ကတိပြု  

မိမိတို့ကို မထောက်ခံသူများ၏ အခွင့်အရေးကိုလည်း ကာကွယ် စောင့်ရှောက်မည်ဟု NLD ပါတီ ကတိပြု  
ဓာတ်ပုံ - Min Htet

နိုဝင်ဘာ ၁၇၊ ၂၀၂၀ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူများသာမက မထောက်ခံသူများ၏ အခွင့်အရေးကိုလည်း ကာကွယ် စောင့်ရှောက်သွားမည်ဟု ကတိပြုကြောင်း NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့က နိုဝင်ဘာလ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။  

“ပြည်သူသို့ အသိပေးခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တွင် “မိမိတို့ အဖွဲ့ချုပ်ကို ထောက်ခံသူများသာမက မထောက်ခံသူများ၏ အခွင့်အရေးများကိုလည်း ကာကွယ် စောင့်ရှောက်ရမည်ဟု ခံယူပါသည်” ဟု ဖော်ပြထားသည်။ 

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က “ရွေးကောက်ပွဲတစ်ခုကို အောင်နိုင်သွားတဲ့အခါမှာ တရားဝင် စာရင်းဇယားတွေအရ ဒါကို ပြည်သူကို အသိပေးရင်း ကျွန်တော်တို့ ရှေ့ဆက်သွားမယ် ဆိုတာကိုပြောတာပါ။ ကျွန်တော်တို့ကို ထောက်ခံသူတွေက အစိုးရဖြစ်အောင် မဲပေးလိုက်တယ်။ အစိုးရဖွဲ့နိုင်တဲ့အခါမှာ ထောက်ခံတဲ့သူရော မထောက်ခံတဲ့သူရော ပြည်သူအားလုံးရဲ့ အကျိုးကို လုပ်ရတော့မှာဆိုတာ ထုံးစံပါ” ဟု မဇ္ဈိမသို့ ပြောသည်။  

ဆက်လက်၍ အချုပ်အားဖြင့်ဆိုရသော် ပြည်သူလူထု၏ ယုံကြည်ချက်၊ မျှော်လင့်ချက်များကို ကြိုးစား ဖြည့်ဆည်းသွားမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ဦးတည်ချက် သုံးရပ်နှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကတိပြုထားသည်။   

NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ဦးတည်ချက် သုံးရပ်မှာ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။ 

NLD ၏ ထုတ်ပြန်ချက်တွင် ၁၉၉၀ ရွေးကောက်ပွဲမှသည် ၂၀၂၀ ရွေးကောက်ပွဲအထိ နှစ်ပေါင်း ၃၀ ကျော် ပြည်သူလူထု၏ ထောက်ခံမှုကို ဆက်တိုက် ရရှိခဲ့သည်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အံ့မခန်းသော စည်းရုံးရေးစွမ်းအားကြောင့် ဖြစ်ကြောင့်လည်း ဖော်ပြထားသည်။  

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် မဇ္စျိမမီဒီယာတို့ နိုဝင်ဘာလ ၁၂ ရက်နေ့ သီးသန့် အင်တာဗျူးတွင် “၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတာဟာ သူတို့ကြောင့် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အောင်နိုင်တာ ဖြစ်တယ်” ဟု ပြောဆိုထားသည်။  

NLD ပါတီက ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၉၅ ရာခိုင်နှုန်းကျော်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းခန့်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly