အကျင့်ပျက် ခြစားမှု စစ်တမ်းကောက်ရေး အဂတိ တိုက်ဖျက်ရေး ကော်မရှင်ကို သင်တန်းပေးရန် ဒိန်းမတ် ကူညီ 

အကျင့်ပျက် ခြစားမှု စစ်တမ်းကောက်ရေး အဂတိ တိုက်ဖျက်ရေး ကော်မရှင်ကို သင်တန်းပေးရန် ဒိန်းမတ် ကူညီ 
ဓာတ်ပုံ - Embassy of Denmark / Facebook

နိုဝင်ဘာ ၁၇၊ ၂၀၂၀ 

နိုင်ငံတကာ စံနှုန်းများအပေါ် အခြေခံထားသည့် အကျင့်ပျက် ခြစားမှုဆိုင်ရာ စစ်တမ်းကောက်ယူနိုင်ရေး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တာဝန်ရှိသူများကို သင်တန်းပေးခဲ့ပြီး ထိုသင်တန်းအတွက် ဒိန်းမတ်နိုင်ငံက ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။ 

ယခုသင်တန်းသည် ကော်မရှင် တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းမှု နည်းနာများ တိုးတက်ကောင်းမွန်အောင် ပေးသည့်သင်တန်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ နည်းပညာ အကူအညီနှင့် ပေးခဲ့သည့် သင်တန်းများအနက် မကြာသေးမီက ပေးခဲ့သော သင်တန်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ ယနေ့ နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။      

“နိုင်ငံ အများအပြားမှာ အကျင့်ပျက် ခြစားမှုဟာ ဖွံ့ဖြိုးရေးအတွက် အဓိက အဟန့်အတား ဖြစ်နေပါတယ်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ အခြေခံ အဓိက အစိတ်အပိုင်းဟာ တာဝန်ယူမှု ရှိပြီး ပွင့်လင်းမြင်သာတဲ့ အဖွဲ့အစည်းတွေ ရှိဖို့ပါပဲ။ ဒါကြောင့် လူ့အဖွဲ့အစည်းမှာ အကျင့်ပျက် ခြစားတဲ့ လုပ်ရပ်တွေကို မီးမောင်းထိုးပြဖို့နဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ဖို့ ကြိုးပမ်း အားထုတ်နေတဲ့ မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဒိန်းမတ်နိုင်ငံက ဂုဏ်ယူစွာနဲ့ ပံ့ပိုးလျက်ရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

မကြာသေးမီက ပေးခဲ့သည့် သင်တန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အကျင့်ပျက် ခြစားမှု ဖြစ်စေသော အကြောင်းတရားများ၊ တွန်းအားများကို အကဲဖြတ်ရန် ကော်မရှင်အနေဖြင့် ကိုယ်ပိုင် အကျင့်ပျက် ခြစားမှု စစ်တမ်းများ ဆောင်ရွက်သွားနိုင်မည့် ဗဟုသုတများ၊ နည်းနာများ ရရှိသွားမည်ဖြစ်ကြောင်း ဒိန်းမတ်သံရုံးက ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly