ကော့သောင်း ရေပြင်ရှိ ကျောက်ငါး မျိုးစိတ်များ သေဆုံးနေမှု ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်နေ

ကော့သောင်း ရေပြင်ရှိ ကျောက်ငါး မျိုးစိတ်များ သေဆုံးနေမှု ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်နေ
ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

မြိတ်၊ နိုဝင်ဘာလ (၁၇)

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ ကျွန်းများအနီးဝန်းကျင်တွင် ကျောက်ငါးမျိုးစိတ်များ ရေပေါ်ပေါ် ၍သေဆုံးနေမှု အကြောင်းအရင်းကို သိရှိစေရေးအတွက် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ရန်ကုန်ရှိ ငါးရောဂါဌာန ဓာတ်ခွဲခန်းသို့ ငါးနှင့် ရေနမူနာများကို ပို့ဆောင်ထားကြောင်း သိရသည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ လန်ပိကျွန်း အနီး တဝိုက်နှင့် ညောင်ဝီးကျွန်း လငန်းကျွန်း စသည့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးပြုလုပ်ထားသောကျွန်းများအနီးရှိ ရေပြင်တွင် ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းမှ စ၍ ကျောက်ငါး မျိုးစိတ်များ ရေပေါ်ပေါ်ပြီး သေဆုံးမှု မြင့်တက်နေခဲ့ခြင်း ဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးသန့်ဇင်ကပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

“ငါး နမူနာနဲ့ ပင်လယ်ရေ နမူနာတွေကို ယူပြီး ရန်ကုန် သာကေတမှာ ရှိတဲ့ ဓါတ်ခွဲ ခန်းနှင့် ငါးရောဂါ ဌာနကို ပို့ထားတယ်၊ လက်ရှိ အချိန် အထိ ဘာကြောင့် ဖြစ်နေတာလဲ ဆိုတာ မသိရသေးဘူး”ဟု ဦးသန့်ဇင်က ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ကွင်းဆင်း စစ်ဆေးရာ ဒေသခံများ၏ ပြောကြား ချက်များ အရ‌ ကျောက်ငါး တစ်မျိူး တည်းသာ အများဆုံး ဖြစ်ပွားနေခြင်း၊ ဒဏ်ရာ ဒဏ်ချက်များ မရှိခြင်း၊ မျောပါ နေချိန်တွင် ရှင်လျက် ရှိပြီး အမြီးနှင့် ရေယက်များ လှုပ်ခပ်နိုင်ခြင်း၊ အာခေါင်တွင် အဝါရောင် သန်းလျက် ရှိပြီး ဆီဖေါင်း ပြူထွက်နေမှု မရှိခြင်း စသည့် ဖြစ်စဉ်များဖြင့် တွေ့ရှိရကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာန မှ တာဝန်ရှိသူများက ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

 “ကျောက်ငါးတွေ သေဆုံး နေတာက အခု ဆိုရင် တစ်လ နီးပါး ရှိနေပြီ ဖြစ်တယ်၊ အခု အချိန် အထိ ဆိုရင်တော့ ကီလို ၃ ထောင် နီးပါး လောက် တွေ့ထားတယ်”လို့ လငန်းကျေးရွာနေ ဦးမြင့်လွင်က ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ် )

သေဆုံးခဲ့သည့် ကျောက်ငါးများကို ဒေသခံ အချို့က အစောပိုင်းတွင် ကောက်ယူ ချက်ပြု စားသောက် ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးမှု မြင့်တက်လာသဖြင့် အစာ အဆိပ်သင့်မည်ကို စိုးရိမ်ကြသဖြင့် စားသောက်မှု မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly