လာမည့် နှစ်ပတ်အတွင်း ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး 

လာမည့် နှစ်ပတ်အတွင်း ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး 

နိုဝင်ဘာ ၁၇

ရွေးကောက်ပွဲပြီးနောက်ပိုင်း လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် လာမည့် ရက်သတ္တပတ် တစ်ပတ် နှစ်ပတ်အတွင်း ကိုဗစ်ရောဂါပြန့်ပွားမှုနှုန်း အနည်းငယ် မြင့်တင်လာနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်သည်။ 

နိုဝင်ဘာလ ၁၆ရက်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားသည့် နိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံစတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ 

“လူစုလူဝေးတွေဖြစ်ခဲ့တာကြောင့် ကိုဗစ်ရောဂါပြန့်ပွားမှုနှုန်းတွေ နောက်တစ်ပတ်နှစ်ပတ်အတွင်း အနည်းငယ်တက်လာနိုင်တယ်ဆိုတာ ကျွန်မတို့အခုကတည်းကစပြီး သတိပြုရမှာဖြစ်ပါတယ်။ ဆက်ပြီးမဖြစ်အောင်လို့ လူစုလူဝေးတွေကို ရှောင်ပါ။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ရက်ပိုင်းအတွင်းက ထပ်ပြီးတော့ ကြေညာချက်ထုတ်ပြီးပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာလို့ရှိရင် တည်ဆဲဥပဒေတွေအရ အရေးယူရပါလိမ့်မယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား အရေးယူချင်၍ မဟုတ်ကြောင်း၊ ဒဏ်ပေးချင်၍လည်း မဟုတ်ကြောင်း ရောဂါကပ်ဘေးမှ ကာကွယ်ချင်သည့်အတွက်သာ ဖြစ်ကြောင်း ၎င်းကပြောသည်။ 

COVID-19 ရောဂါပြန့်ပွားမှုသည် နေ့စဉ်ပျမ်းမျှ၁၀၀၀ဝန်းကျင်ခန့် ကူးစက်မှုရှိနေပြီး ၁၀၀၀အောက်ကျ ဆင်းအောင် ကြိုးစားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ 

ကူးစက်ပြန့်ပွားမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပွားနေပြီး မန္တလေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများတွင်လည်း ရောဂါပြန့်ပွားမှုများရှိနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly