ကိုဗစ်ကူးစက်မှုမြင့်မားနေမှုကြောင့် စည်းကမ်းများပြန်လည်တင်းကျပ်ရန် ဆရာဝန်အချို့တောင်းဆို

ကိုဗစ်ကူးစက်မှုမြင့်မားနေမှုကြောင့် စည်းကမ်းများပြန်လည်တင်းကျပ်ရန် ဆရာဝန်အချို့တောင်းဆို

နိုဝင်ဘာ ၁၆ ၊ ၂၀၂၀

လက်ရှိကာလ ကိုဗစ် ၁၉ ပိုးတွေ့ကူးစက်လူနာ တစ်နေ့ကို ကိုးရာနှင့် တစ်ထောင်ကြားရှိနေချိန်တွင် လူအများလမ်းပေါ်ထွက် သွားနေမှုနှင့် ရွေးကောက်ပွဲအပြီး အောင်ပွဲခံသူများအနေဖြင့် ဆိုးဆိုးဝါးဝါးအခြေအနေတစ်ခုကို မရောက်အောင် စည်းကမ်းတင်းကျပ်မှုများပြန်လည်ပြုလုပ်ရန် ဆရာဝန်အချို့မှတောင်းဆိုလိုက်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနတာဝန်ခံ ဒေါက်တာမော်မော်ဦးက “လူတွေက ပုံမှန်အတိုင်း အပြင်ကိုထွက်တယ်။ ရောင်းဝယ်ဖောက်ကားတယ်။ လူမစည်ကားသင့်တဲ့ နေရာတွေလဲ ပြန်ပြီးတော့ စည်ကားလာတယ်။ လူစုလူဝေးနဲ့ မဟုတ်ရင်တောင် ခပ်ခွာခွာနေလို့ မရလောက်အောင် လူတွေပြန်ထွက်လာတဲ့ ကိစ္စက တကယ်တော့ မကောင်းဘူး။” ဟု ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ဆိုင်ရာ ထပ်တိုးကန့်သတ်မိန့်များကို ထုတ်ပြန်ထားပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့နယ်တွင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရဆိုသည့် Stay at Home အမိန့်ကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန် ထားသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖျားနာကုဆေးခန်းများနှင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် ခက်ခက်ခဲခဲဖြင့် လုပ်ကိုင်နေကြရဆဲဖြစ်ကြောင်းလည်း ဒေါက်တာမော်မော်ဦးက ပြောသည်။

ကိုဗစ်ကူးစက်မှုကာကွယ်နိုင်ရန် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ မျက်နှာအကာတပ်ခြင်း၊ လက်မကြာခဏ ဆေးခြင်းများက အရေးကြီးသည့် ကိစ္စရက်များဖြစ်ကြောင်းကို မေ့လျှော့နေလို့ မရကြောင်းလည်းဆိုသည်။

တောင်ဒဂုံမြို့နယ် ဖျားနာကုသဆေးခန်းတာဝန်ခံ ဒေါက်တာဇော်လင်းဘိုက ကိုဗစ်ကူးစက်မှုမြင့်နေစဉ်အတွင်း ရွေးကောက်ပွဲအပြီး အောင်ပွဲခံသူများအနေဖြင့် ဆိုးဆိုးဝါးဝါးအခြေအနေတစ်ခုကို မရောက်အောင် ကျန်းမာရေးသတိဖြင့် ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

“ရွေးကောက်ပွဲပြီးသွားပြီ။ ပျော်စရာရှိတာလဲ ပျော်လို့ပြီးသွားပြီ။ ဒီအချိန်လေးမှာ စည်းကမ်းလေးနည်းနည်းပြန်ပြီး တင်းကျပ်သင့်တယ်လို့ ယူဆပါတယ်။ ရွေးကောက်ပွဲပြီးသွားတော့ ပေါ့သွားတဲ့ လူတွေကိုလည်း တော်တော်များများ တွေ့လာရတယ်ပေါ့နော်။ အဲဒါကြောင့် လူတွေက ဒီထက်နည်းနည်းလေး ပိုပြီး စည်းကမ်းလိုက်နာပေးကြရမယ်။ နောက်ထပ် နှစ်ပတ်လောက်အတွင်းမှာ ရွေးကောက်ပွဲရလဒ်ကို အောင်ပွဲခံတာကို ထိန်းနိုင်မယ်ဆိုရင်တော့ အရမ်းဆိုးဝါးတဲ့ အခြေနေတစ်ခုမရောက်အောင် အားလုံးဝိုင်းဝန်းထိမ်းကြဖို့ တိုက်တွန်းလိုပါတယ်။၊”ဟု ဒေါက်တာဇော်လင်းဘိုက ပြောသည်။

သုဝဏ္ဏကိုဗစ်စင်တာက ကိုဗစ်လူနာများကို ဆေးကုပေးနေသည့် ကုသရေးဌာန ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးကမှု Stay at Home ထုတ်ပြန်ထားသည့် မြို့နယ်များတွင် အထူးသတိပြုနေထိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းသည်။

“Stay at Hom ထုတ်ပြန်ထားတယ်ဆိုကတည်းက Stay at Hom နေစေချင်လို့ ထုတ်ပြန်ထားတာကို မနေဘူးဆိုတော့ ဒါမကောင်းဘူးပေါ့။ ဒီရောဂါက တစ်ယောက်နဲ့ ကူးစက်တဲ့အခါ မကူးစက်စေချင်လို့ အိမ်မှာနေခိုင်းတာပေါ့။ အပြင်ထွက်ရင်တော့ ကျန်းမာရေးညွန်ကြားချက်တွေကို မလိုက်နာရင် ကူးနိုင်တာပေါ့။” ဟု ပြောသည်။

COVID-19 ကပ်ရောဂါ အများဆုံးဖြစ်ပွားသည့် နိုင်ငံပေါင်း ၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၇၃ နေရာတွင် ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၆၈၉၉၄ ဦး ရှိပြီး သေဆုံးသူ ၁၅၀၀ ကျော် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly