ထိုင်ဝမ်နှင့် အပြန်အလှန်ဆက်သွယ်မှုကို ရပ်တန့်ရန် ဝါရှင်တန်ကို တရုတ်က တောင်းဆို

ထိုင်ဝမ်နှင့် အပြန်အလှန်ဆက်သွယ်မှုကို ရပ်တန့်ရန် ဝါရှင်တန်ကို တရုတ်က တောင်းဆို

နိုဝင်ဘာ ၁၆ ၊ ၂၀၂၀

အမေရိကန်နှင့် ထိုင်ဝမ်တို့သည် စီးပွားရေးဆွေးနွေးချက်များကို စတင်ရန် ပြင်ဆင်နေချိန်တွင် ဝါရှင်တန်အား တိုင်ပေနှင့် အပြန်အလှန်ဆက်သွယ်မှု သို့မဟုတ် အဆက်အသွယ်များကို ရပ်တန့်ရန်နှင့် တရုတ်က တောင်းဆိုလိုက်သည်။

 တနင်္လာနေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝီဘင်းသည် အမေရိကန်အား တရုတ်သည် တစ်ခုတည်းသာရှိသည်ဟူသော ဥပဒေသကို လိုက်နာရန် တိုက်တွန်းလိုက်သည်။

ယခုလနှောင်းပိုင်းတွင် ထိုင်ဝမ်သည် အမေရိကန်-ထိုင်ဝမ်စီးပွားရေးဖွံ့ဖြိုးမှုမိတ်ဖက်ဆွေးနွေးပွဲ အဖွင့်အစည်းအဝေးအတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အမေရိကန်သို့ စေလွှတ်ခဲ့သည်။
စက်တင်ဘာလအတွင်း ထိုင်ဝမ်သို့ လည်ပတ်ခဲ့သော လက်ထောက်အတွင်းရေးမှူး Keith Krach က အမေရိကန် အဖွဲ့အား ဦးဆောင်မည်ဖြစ်သည်။

 “တရုတ်က အမေရိကန်နဲ့ ထိုင်ဝမ်ဒေသအကြား အာဏာပိုင်တွေ အပြန်အလှန်ဆက်သွယ်မှုတွေကို တောက်လျောက် ဆန့်ကျင်ကန့်ကွက်နေတာပါ။ အမေရိကန်အနေနဲ့ တရုတ်ဟာ တစ်ခုတည်းပဲဖြစ်တယ်ဆိုတဲ့ ဥပဒေသကို လေးစားဖို့၊ တရုတ်-အမေရိကန် ပူးတွဲ ထုတ်ပြန်ကြေငြာချက် သုံးခုကို လိုက်နာဖို့၊ ထိုင်ဝမ်နဲ့ တရားဝင် အပြန်အလှန်ဆက်သွယ်တာတွေ အဆက်အသွယ်တွေ အားလုံးကို ရပ်တန့်ဖို့၊ ထိုင်ဝမ်နဲ့ ဆက်ဆံရေးမြှင့်တင်နေတာကို ထိရောက်တဲ့နည်းလမ်းသုံးပြီး ရပ်တန့်ဖို့၊ ထိုင်ဝမ်နဲ့ ပတ်သတ်တဲ့ အရေးတွေကို ပညာရှိရှိ မှန်မှန်ကန်ကန် ကိုင်တွယ်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားတစ်လျောက် တရုတ်-အမေရိကန်ဆက်ဆံရေး၊  ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေအပေါ် ကြီးကြီးမားမား ထိခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် ထိုင်ဝမ်ခွဲထွက်ရေးအဖွဲ့တွေဆီ အထင်အမြင်မှားနိုင်တဲ့ အချက်ပြမှုတွေ မလုပ်ဖို့ တိုက်တွန်းပါတယ်”ဟု ဝမ်က ဆိုခဲ့သည်။

 တရုတ်သည် ထိုင်ဝမ်အား ပြည်နယ်တစ်ခုအဖြစ်သာ ရှုမြင်ပြီး အင်အားသုံးသိမ်းပိုက်ရန် စိတ်ကူးထားကြောင်း ပြောခဲ့သည်။  

ယခုနှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ထားလျက်ရှိပြီး စက်တင်ဘာ ၁၈ နှင့် ၁၉ တွင် တရုတ်စစ်လေယာဉ်ပေါင်း ၄၀ ခန့်သည် ပြည်မနှင့် ထိုင်ဝမ်အကြား အလယ်မျဉ်းကို ဖြတ်ကျော်ပျံသန်းလျက်ရှိကာ ထိုအပြုအမူအား ကျွန်းနိုင်ငံ သမ္မတ Tsai Ing-wen က အင်အားသုံး ခြိမ်းခြောက်မှုဟု ဆိုခဲ့သည်။

အမေရိကန် ကျန်းမာရေးဝန်ကြီး အဲလစ်အဇာ၏ စက်တင်ဘာလအတွင်း ထိုင်ဝမ်သို့ လည်ပတ်ချိန်တွင် တရုတ်သည် တိုက်လေယာဉ်များအား ထိုင်ဝမ်ရေလက်ကြား အလယ်စည်းကို အနည်းငယ်ဖြတ်ကျော် စေလွှတ်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြကြောင်း တောင်တရုတ်မနက်ခင်းသတင်းက တင်ပြထားခဲ့သည်။ ဝန်ကြီးဌာနသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေယာဉ်များအား မြေပြင်အခြေစိုက် လေယာဉ်ဖျက် ဒုံးများဖြင့် ခြေရာခံနိုင်ခဲ့ပြီး ပြင်းပြင်းထန်ထန်မောင်းထုတ်နိုင်ခဲ့ကြောင်း ဆိုခဲ့သည်။
 
ဩဂုတ်လအတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စွမးအင်နှင့် အခြားကဏ္ဍများကို အရေးစိုက်နိုင်မည့် စီးပွားရေးဆွေးနွေးပွဲတစ်ခုအား ထိုင်ဝမ်နှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ထိုင်ဝမ်သည် ထိုဆွေးနွေးပွဲအပြီး အမေရိကန်နှင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက် ရရှိနိုင်မည်ဟု မျှော်လင့်နေသည်။

ထရမ့်အစိုးရသည်လည်း လက်နက်ရောင်းချမှုများတိုးမြှင့်ခြင်းအားဖြင့် ယခုနှစ်များအတွင်း ထိုင်ဝမ်အား စစ်အင်အားထောက်ပံ့မှုကို မြှင့်တင်ပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly