ဗင်နီဇွဲလားက ရုရှားထုတ် COVID-19 ကာကွယ်ဆေးပမာဏ ၁၀ သန်းဝယ်ယူရန် သဘောတူ 

ဗင်နီဇွဲလားက ရုရှားထုတ် COVID-19 ကာကွယ်ဆေးပမာဏ ၁၀ သန်းဝယ်ယူရန် သဘောတူ 
Photo - AFP

နိုဝင်ဘာ ၁၆ 

ဗင်နီဇွဲလားအစိုးရက ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးဖြစ်တဲ့ Sputnik V ကို ဆေးပမာဏ ၁၀ သန်းဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ သမ္မတ နီကိုးလက်စ် မာဒူရိုက နိုဝင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ 

ဗင်နီဇွဲလားသမ္မတ မာဒူရိုက “၂၀၂၁ ခုနှစ် ပထမ သုံးလပတ်မှာ  ကာကွယ်ဆေးရတော့မှာပါ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ ဒါမှမဟုတ် မေလ အတွင်းမှာ COVID-19 ထိုးဆေးပမာဏ အနည်းဆုံး ၁၀ သန်း ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဗင်နီဇွဲလားက ဓာတ်ခွဲခန်းတွေမှာလည်း ရုရှားကာကွယ်ဆေးတွေကို ထုတ်လုပ်သွားမှာပါ” လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။  

ဩဂုတ်လတုန်းက ရုရှားဟာ COVID-19 ကာကွယ်ဆေး ပထမဆုံးမှတ်ပုံတင်တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ 

၁၉၅၇ ခုနှစ်က အာကာသထဲလွှတ်တင်ခဲ့တဲ့ ရုရှားရဲ့ ကမ္ဘာ့ပထမဆုံးဂြိုဟ်တုကို အစွဲပြုပြီး ကာကွယ်ဆေးအမည်ကို Sputnik V (စပတ်နစ်ခ် ဖိုက်) လို့အမည်ပေးခဲ့ပါတယ်။ 

ဒါပေမယ့် ကာကွယ်ဆေးထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ ယုံမှားသံသယဖြစ်မှုကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ 

အမေရိကန်ဆေးကုမ္ပဏီ ဖိုက်ဇာ (Pfizer) နဲ့ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ ဘိုင်ရွန်တက် (BioNTech) တို့ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးရဲ့ အဆင့် ၃ စမ်းသပ်မှုက ၉၀ ရာခိုင်နှုန်းထိရောက်တယ်လို့ ထုတ်ပြန်ပြီး နှစ်ရက်အကြာမှာပဲ ရုရှားရဲ့ COVID-19 ကာကွယ်ဆေးကလည်း ၉၂ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆေးတီထွင်သူတွေက ထုတ်ပြန်ခဲ့ပါတယ်။ 

အောက်တိုဘာလအစောပိုင်းက Sputnik V ကိုဗစ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုလုပ်ဆောင်မှုမှာ သမ္မတမာဒူရိုရဲ့သား နီကိုးလက်စ်မာဒူရိုဂဲရာ အပါအဝင် ဗင်နီဇွဲလားက စေတနာ့ဝန်ထမ်း ၂ ၀၀၀ ခန့်လည်း ပါဝင်ခဲ့ကြပါတယ်။ 

ဗင်နီဇွဲလားမှာ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ မတ်လက စပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၆ ၉၃၃ ဦးနဲ့ သေဆုံးသူ ၈၄၈ ဦးရှိပါတယ်။ 

ဒါပေမယ့် အတိုက်အခံအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက အဆိုပါကိန်းဂဏန်းတွေအပေါ် သံသယဖြစ်ခဲ့ပြီး ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်ချက်တွေထက် ပိုမိုများပြားနိုင်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly