TTC နှင့် Junction square  ကိုဆက်သွယ်သည့် မြေအောက်လူကူးစင်္ကြန်လမ်း ၈၅ရာခိုင်နှုန်းခန့်ပြီးစီး

TTC နှင့် Junction square  ကိုဆက်သွယ်သည့် မြေအောက်လူကူးစင်္ကြန်လမ်း ၈၅ရာခိုင်နှုန်းခန့်ပြီးစီး
Photo credit - Myanmaalinn ဓာတ်ပုံ - လင်းညွန့်

နိုဝင်ဘာ ၁၅ရက်

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း TTC နှင့်  ပြည်လမ်းတစ်ဖက်ရှိ Junction squareသို့ ဆက်သွယ်ထားသည့်  မြေအောက်လူကူးစင်္ကြန်လမ်း(Under Pass) ဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက" မူလကတော့ အပေါ်လူကူးဂုံးကျော်လုပ်ဖို့အတွက် စီစဉ်တာပါ။ နေရာအနေအထားနဲ့ လိုအပ်ချက်အရ အဲ့ဒါကို မြေအောက်ဥမင်ပြောင်းပြီးတော့ လုပ်လိုက်တာပါ။ အခုလောလောဆယ်တော့ ၈၅ရာခိုင်နှုန်းပြီးနေပါပြီ။ အဲ့ဒါလေးတွေကိုထပ်ပြီးတော့ ဒီဘက်အခြမ်းမှာ တတိယပိုင်းပေါ့ အဲ့ဒါလေးတွေ လုပ်နေတာပြီးရင်တော့ ကျွန်တော်တို့ဖွင့်နိုင်မှာပါ။ အခုကျန်နေတာကတော့ ပြည်လမ်းအနောက်ဘက်အခြမ်းကျန်နေတာပါ။ အဲ့ဒါလေးကို ဆက်ပြီးတော့ လုပ်နေပါတယ်" ဟုဆိုသည်။

ပြည်လမ်း၊စိုက်ပျိုးရေးမှတ်တိုင်အနီးတွင်ရှိသော ထိုမြေအောက်လူကူးစင်္ကြန်လမ်း(Under Pass)အား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးပြီးလုပ်ဆောင်နေခြင်းဖြစ်သည်။

ခန့်မှန်းခြေ ကျပ်သန်း ၂၀၀၀ ကျော်ခန့် အကုန်ကျခံဆောက်လုပ်ခြင်းဖြစ်ပြီး ပင်မဥမင်အလျား ၄၂၇ ပေ ခန့်၊ ဥမင်အမြင့် ၁၀ပေခန့်၊ အကျယ်မှာ ပေ ၄၀နှင့် ဥမင်အတွင်း လူသွားလမ်း အကျယ်ကို ၁၉ ပေ ခန့်အထိ ထားရှိထားကြောင်း သိရသည်။

"အဲ့ဒီနေရာမှာကတော့ မကြာခဏ ယာဉ်တိုက်မှုဖြစ်တယ်။ နောက်အသွားအလာလည်းအရမ်းများတဲ့နေရာပေါ့။ ရန်ကုန်တက္ကသိုလ်တို့ စီးပွားရေးတက္ကသိုလ်တို့ TTCကျောင်းတို့သွားတဲ့နေရာမှာ လူတွေကလည်း အရမ်းများပါတယ်။

Photo credit - Myanmaalinn ဓာတ်ပုံ - လင်းညွန့်

ပြည်လမ်းကလည်း နောက် ယာဉ်သွား ယာဉ်လာအရမ်းများပြီးတော့မှ အရှိန်နဲ့မောင်းနှင်တဲ့ နေရာဖြစ်တဲ့အတွက် မျဉ်းကြားနဲ့ကူးတဲ့အခါမှာ အခက်အခဲရှိလို့ ကျွန်တော်တို့ လူကူးဂုံးကျော်လုပ်ဖို့စီစဉ်တာပါ။ ဒါပေမယ့် နည်းပညာပိုင်းရော နောက် အဲ့မှာမြေနေရာအနေအထားပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က မြေအောက်လူကူး ဥမင် လုပ်လိုက်တာပါခင်ဗျ" ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောသည်။

ဥမင်အတွင်း အတက်အဆင်းပြုလုပ်ရန် ရွေ့လျား စက်လှေကား သုံးစင်းနှင့် မသန်စွမ်းသူများသွားလာနိုင်ရန် လည်း လုပ်ဆောင်ထားကာ ဥမင်အတွင်း၌ ၁၀ ပေ ပတ်လည်ဆိုင်ခန်း ၁၅ ခန်းခန့် ထည့်သွင်းတည်ဆောက်ထားကာ CCTV များလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

"အဲ့ဒါကတော့ ရန်ကုန်မြို့တော်ကို နိုင်ငံတကာအဆင့်မီမြို့တော်ဖြစ်အောင် ဆောင်ရွက်နေရာမှာ အန်ကယ်တို့ရဲ့ရည်မှန်းချက်တစ်ခုပါတာပေါ့နော်။ အောက်မှာ ပေ၄၀ကျယ်တယ်။ နောက်တစ်ခုက night mood စားနိုင်အောင်လို့ပေါ့ ဥပမာ အားလူးကြော်ဆိုင်တွေ ကော်ဖီဆိုင်တွေလည်းရှိတယ်။ ထိုင်သောက်လို့လည်းရတယ်။ ဘူးနဲ့ဝယ်သွားလို့လဲရတယ်။ နိုင်ငံခြားမှာလိုပေါ့။ အဲ့ဒါမျိုးလေးတွေလည်းပါတယ် လုပ်ထားတယ်။ တပ်မှရမှာပေါ့ CCTV ကတော့ မြေအောက်ကသွားတယ်လေဆိုတော့ တပ်ရမှာပေါ့။ မီးပြတ်ရင်လုပ်လို့ရအောင် မီးစက်တွေလည်း ထားထားတယ်" ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ်(၁)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောသည်။

ထိုလမ်းအား ယခင်က လူကူးခုံးကျော်တံတားဆောက်ရန် လျာထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဆောက်ဖြစ်ခဲ့ကြောင်းနှင့် မြေအောက်လူကူးလမ်းတည်ဆောက်ရန်အတွက် ၂၀၁၆ ခုနှစ်က နေ ၂၀၁၈ ခုနှစ်အထိ ၃နှစ်ဆက်တိုက်  အဆိုတင်သွင်းခဲ့သော်လည်း ယခု ၂၀၂၀ ခုနှစ်မှ  အကောင်အထည်ဖော်ဖြစ်ခြင်း ဖြစ်သည်ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ်(၁)မှ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required