ဘင်္ဂလားဒေ့ရှ်ရေတပ် စစ်သင်္ဘောသစ် ၅ စင်း တပ်တော်ဝင် 

By Navyrecognition
15 November 2020
ဘင်္ဂလားဒေ့ရှ်ရေတပ် စစ်သင်္ဘောသစ် ၅ စင်း တပ်တော်ဝင် 

နိုဝင်ဘာ ၁၅ 

ဘင်္ဂလားဒေ့ရှ် ရေတပ်သည် ခေတ်မီ စစ်သင်္ဘော ငါးစင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၅  ရက် တပ်တော်ဝင်ခဲ့ကြောင်း တရုတ်သတင်းအေဂျင်စီ Xinhuanet ၏ နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြသည့် သတင်းတစ်ရပ်အရ သိရသည်။ မြို့တော် ဒါကာ၏ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာအကွာ စစ်တကောင်း ပင်လယ်ဆိပ်ကမ်းမြို့ရှိ ရေတပ်ဆိပ်ကမ်းနေရာတစ်ခုတွင် ကျင်းပခဲ့သည့် စစ်သင်္ဘောများ တရားဝင် တပ်တော်ဝင်ခြင်း အခမ်းအနား၌ ဖရီဂိတ် (frigate) စစ်သင်္ဘောနှစ်စင်း၊ ကော်ဗက် (Corvette) စစ်ရေယာဉ် တစ်စင်း၊ ဟိုက်ဒရိုဂရပ်ဖစ် ဆာဗေး (တိုင်းတာရေး) သင်္ဘော နှစ်စင်း ပါဝင်သည့် ခေတ်မီ စစ်သင်္ဘော ငါးစင်းကို ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် တပ်တော်ဝင်ခဲ့ခြင်း ဖြစ်သည်။  

အခမ်းအနား၌ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ ကိုယ်စား ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အမ် ရှာဟင်း အစ်ဂ်ဘယ်လ်က သင်္ဘောများ၏ တပ်တော်ဝင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်များကို သက်ဆိုင်ရာ သင်္ဘောကပ္ပတိန်များထံ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ဖရီဂိတ် စစ်သင်္ဘောနှစ်စင်း ဖြစ်သည့် BNS Umar Farooq နှင့် BNS Abu Ubaidah ၊ ကော်ဗက် သင်္ဘော BNS Prottasha ၊ တိုင်းတာရေး သင်္ဘောနှစ်စင်းဖြစ်သည့် BNS Darshak နှင့် BNS Tallashi တို့ ပါဝင်သည့် စစ်သင်္ဘောငါးစင်းနှင့်ပတ်သက်၍ ရုပ်သံ ရှင်းလင်းတင်ပြမှု တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ 

“ကျွန်မတို့ဟာ ပင်လယ်ရေကြောင်း ပိုင်နက်တွေကို ကာကွယ်ဖို့သာမက ကျွန်မတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပင်လယ်ရေကြောင်း ရင်းမြစ်တွေ အသုံးပြုဖို့အတွက် အမြဲတမ်း ဆန္ဒရှိပါတယ်” ဟု ဝန်ကြီးချုပ် ရှိတ် ဟာစီနာက သူမ၏ Ganabhaban အိမ်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ကနေတဆင့် သင်္ဘောများကို တပ်တော်ဝင်ပေးခဲ့စဉ် ပြောကြားသွားခဲ့သည်။ 

သင်္ဘောများအနက် ဖရီဂိတ် သင်္ဘောနှစ်စင်းတွင် ခေတ်မီ စစ်လက်နက်များ တပ်ဆင်ထားပြီး ကော်ဗက် သင်္ဘောသည် တရုတ်နိုင်ငံမှ ဝယ်ယူထားခြင်း ဖြစ်ကာ ကျန် ခေတ်မီ တိုင်းတာရေး သင်္ဘောနှစ်စင်းသည် ဘင်္ဂလားဒေ့ရှ်ရှိ သင်္ဘောကျင်းတစ်ခု၌ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သူမက ပြောသည်။ 

ဖရီဂိတ် စစ်သင်္ဘောနှစ်စင်းဖြစ်သည့် BNS Umar Farooq နှင့် BNS Abu Ubaidah သည် Type 053H3 အတန်းအစား ဖြစ်ပြီး တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ရေတပ်တွင် ၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် တပ်တော်ဝင် အသုံးပြုခဲ့သည့် တရုတ် ဖရီဂိတ် (နေတိုးအခေါ် Jiangwei ll) သင်္ဘောများဖြစ်သည်။ Type 053H3 ဖရီဂိတ်စစ်သင်္ဘော BNS Abu Ubaidah ကို ယခင်က Jiaxing (521) အဖြစ် သိခဲ့ပြီး ယင်းသည် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်) နှင့်အတူ အရှေ့ပင်လယ် ရေတပ်သင်္ဘောစုတွင် တာဝန်ထမ်းခဲ့သည်။ အဆိုပါ သင်္ဘောကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ် ရေတပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

Type 053H3 ဖရီဂိတ် BNS Umar Farooq ကို ယခင်က Lianyungang (522) အဖြစ် သိခဲ့ပြီး ယင်းသည် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်) နှင့်အတူ အရှေ့ပင်လယ် ရေတပ်သင်္ဘောစုတွင် တာဝန်ထမ်းခဲ့သည်။ ယင်းသည် ၁၉၉၈ ခုနှစ် ဇန်နဝါရီတွင် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) တွင် တပ်တော်ဝင်ခဲ့ပြီး ယင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ် ရေတပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

BNS Umar Farooq နှင့် BNS Abu Ubaidah တို့သည် C-802A သင်္ဘောဖျက်ဒုံးလောင်ချာများ တပ်ဆင်ထားသည်။ C-802A ဒုံးများသည် အကွာအဝေး ကီလိုမီတာ ၁၈၀ (မိုင် ၁၁၀) ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်သည်။ ထို့ပြင် ယင်းတွင် ရေပြင် ပစ်မှတ်များကို ပစ်ခတ်ရန် PJ33A dual 100 mm အမြှောက်တစ်လက်စီ တပ်ဆင်ထားသည်။ ဝေဟင်လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက်လည်း ယင်းသင်္ဘောတွင် 8- cell FM-90 Surface-to-air (ရေပြင်မှဝေဟင်ပစ်) ဒုံးလောင်ချာစနစ်တစ်ခုစီ တပ်ဆင်ထားသည်။ ထို့ပြင် Type 76A dual 37 mm AA အမြှောက်လေးလက်စီလည်း ယင်းတွင် ပါဝင်သည်။ ရေငုပ်သင်္ဘော ဖျက် စစ်ဆင်ရေးအတွက်လည်း သင်္ဘောတွင် 6-tube Type 3200 ASW ရော့ကက်လောင်ချာ နှစ်လက်စီနှင့် ရေငုပ်သင်္ဘောဖျက် စစ်လက်နက်ဖြစ်သည့် depth charge (DC) racks နှစ်စုံ နှင့် DC projectors လေးခုစီ တပ်ဆင်ထားသည်။ သင်္ဘောဖျက်ဒုံးများ၏ ရန်မှ ကာကွယ်ရန်အတွက် ယင်းသင်္ဘောတွင် Type946/PJ-46 15-barrel decoy ရော့ကက်လောင်ချာများလည်း ရှိနေသည်။ 

ဘင်္ဂလားဒေ့ရှ် ရေတပ်၏ BNS Prottasha သည် Type 056 stealth surface warfare ပဲ့ထိန်းဒုံးတပ် ကော်ဗက် ရေယာဉ်တစ်စင်း ဖြစ်သည်။ ယင်းကို တရုတ်နိုင်ငံ ဝူချန်း သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် လေးစင်းမြောက် ကော်ဗက် ရေယာဉ် ဖြစ်သည်။ ယင်းကို ၂၀၂၀ နိုဝင်ဘာ ၅ ရက်တွင် ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် တပ်တော်ဝင်ခဲ့သည်။ Type 056 (နေတိုးအခေါ် Jiangdao) သည် တရုတ်တွင် ဒီဇိုင်းဆွဲ ထုတ်လုပ်တည်ဆောက်ထားသည့် ကော်ဗက် ရေယာဉ် အတန်းအစားတစ်ခု ဖြစ်သည်။ ယင်းသင်္ဘောတွင် AK-176 76 mm ရေတပ်အမြှောက်တစ်လက်၊ 30 mm autocannon (စက်အမြှောက်) နှစ်လက် နှင့် သင်္ဘောဖျက်ဒုံး YJ-83 လေးစင်း တပ်ဆင်ထားသည်။ FL-3000N surface-to-air ဒုံးများကိုလည်း 8-cell လောင်ချာတစ်ခုတွင် သယ်ဆောင်တပ်ဆင်ထားသည်။ ယင်းတွင် triple-tube 324 mm တော်ပီဒို လောင်ချာ နှစ်လက် တပ်ဆင်ထားပြီး ယင်းသည် Yu-7 light ASW တော်ပီဒိုများကို သယ်ဆောင်ထားနိုင်ကြောင်း သိရသည်။ 

BNS Darshak နှင့် BNS Tallashi တို့သည် ဘင်္ဂလားဒေ့ရှ် ရေတပ်၏ ဟိုက်ဒရိုဂရပ်ဖစ် တိုင်းတာရေး သင်္ဘောများဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly