ဝါရှင်တန်မှာ ထရမ့် ထောက်ခံသူထောင်ပေါင်းများစွာ စုရုံးချီတက် 

ဝါရှင်တန်မှာ ထရမ့် ထောက်ခံသူထောင်ပေါင်းများစွာ စုရုံးချီတက် 
Photo - AFP

နိုဝင်ဘာ ၁၅ ၊ ၂၀၂၀

တဇွတ်ထိုးဆန်တဲ့ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ ဝါရှင်တန်မှာ စနေနေ့က နောက်ဆုံးအနေနဲ့ စုရုံးခဲ့ကြပါတယ်။  

“နောက်ထပ် သမ္မတ သက်တမ်း လေးနှစ်”ဆိုပြီး ထောက်ခံသူတွေက ကြွေးကြော်ကြသလို သက်တမ်းတစ်ကြိမ်တည်းနဲ့ အိမ်ဖြူတော်ကနေ ဖယ်ရှားပေးရတာဟာ ရွေးကောက်ပွဲ မသမာမှုတွေကြောင့်ပဲ ဖြစ်တယ်လို့လည်း အပြစ်ဆိုကြပါတယ်။ 

သမ္မတ ထရမ့်ကတော့ ဂေါက်ရိုက်သွားကစားဖို့အတွက် သူ့ကို ထောက်ခံသူတွေကြားကပဲ ယာဉ်တန်းနဲ့ ထွက်ခွာခဲ့ပါတယ်။ ‘အမြဲတမ်း အကောင်းဆုံးသမ္မတ’၊ ‘ထရမ့် ၂၀၂၀၊ အမေရိကန်ကို ကြီးမြတ်စေ’ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားသူတွေကြားကပဲ ထရမ့်ဟာ ကားပြတင်းပေါက်ကနေ ထောက်ခံသူတွေကို ပြုံးပြနှုတ်ဆက်ခဲ့ပါတယ်။ 

တာဝန်ထမ်းဆောင်ဆဲ ရီပတ်ဘရီကန်သမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲ မသမာမှုတွေ အများအပြား ရှိနေတယ်ဆိုပြီး သက်သေမပြဘဲ ပြောဆိုနေခဲ့တာကြောင့် နိုဝင်ဘာ ၃ ရက် သမ္မတ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ကြောင်း အတည်ပြုလိုက်ရာ ရောက်သလို အမေရိကန်ရဲ့ ဒီမိုကရေစီစံနှုန်းတွေအတွက်လည်း မကြုံဖူးတဲ့ စိန်ခေါ်မှုကို ဖြစ်စေပါတယ်။ 

လူအနည်းအကျဉ်းလောက်ပဲ နှာခေါင်းစည်းတပ်ဆင်ထားကြတဲ့ ထောက်ခံသူအင်အား တစ်သောင်းထက်မနည်းဟာ မြို့က Freedom Plaza မှာ အရင်စုရုံးပြီး တရားရုံးချုပ်ဆီ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

“ထရမ့်အနေနဲ့ သူကို ဘယ်သူတွေ ထောက်ခံနေလဲဆိုတာ မြင်သင့်တယ်။ သူကို ချစ်ခင်ကြတာကို ခံစားရရှိသင့်တယ်။”လို့ ချီတက်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ခရစ်နာပိုလိတာနာက ပြောပါတယ်။ “မဲမသမာမှုတွေနဲ့ လိမ်ညာမှုတွေ အားလုံးကို တွေ့ရှိတဲ့အခါမှာ သူပဲ နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”ဆိုပြီး သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

တရားရုံးချုပ် အပြင်ဖက်မှာ ထရမ့်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရှိနေတာကြောင့် ထိပ်တိုက်တွေ့မှုတွေ မဖြစ်ပွားအောင် လုံခြုံရေး အင်အားထူထပ်စွာ ချထားတာလည်း ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ နောက်ဆုံး မဲရေတွက်ချက်အရ သမ္မတကို ရွေးကောက်တင်မြှောက်တဲ့ Electoral College မဲရလဒ်မှာ ဂျိုးဘိုင်ဒင်က ၃၀၆ မဲ ရထားပြီး ထရမ့်က ၂၃၂ မဲသာ ရရှိထားသာ ဖြစ်ပါတယ်။ သမ္မတအဖြစ် ရွေးကောက်ခံရဖို့အတွက် Electoral College မဲ ၂၇၀ လိုအပ်တာ ဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly