အာရှဒေသဆိုင်ရာ အမေရိကန်မူဝါဒကို ဂျိုးဘိုင်ဒင် ချက်ချင်းလက်ငင်း ပြောင်းလဲနိုင်သည့် လမ်းကြောင်း ၃ ခု 

အာရှဒေသဆိုင်ရာ အမေရိကန်မူဝါဒကို ဂျိုးဘိုင်ဒင် ချက်ချင်းလက်ငင်း ပြောင်းလဲနိုင်သည့် လမ်းကြောင်း ၃ ခု 
Analysts expect more strategic and measured thinking and actions by the incoming administration of U.S. President-elect Joe Biden than incumbent Donald Trump (Source photos by Reuters)

နိုဝင်ဘာ ၁၅ ၊ ၂၀၂၀

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အာရှဒေသအပေါ် အကျိုးသက်ရောက်မည့် အဓိက ကိစ္စရပ်များနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ ဦးတည်ရာ လမ်းကြောင်းကို အပြည့်အဝ ပြောင်းပြန်လှန်မှုမျိုးကို လုပ်ဆောင်ဖွယ် မရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။ 

သို့သော် လုံခြုံရေး၊ ကုန်သွယ်မှု နှင့် ရာသီဥတု ပြောင်းလဲမှုတို့နှင့်ပတ်သက်၍ကမူ ဘိုင်ဒင်အနေဖြင့် အမေရိကန်ကို ယင်း၏ မဟာမိတ်များနှင့် နိုင်ငံတကာ စာချုပ်များအပေါ်ထားသည့် ကတိကဝတ်များနှင့် အညီဖြစ်စေရန် ဦးတည်ချက် ပြောင်းလဲပြီး ပြန်လည်ချိန်ညှိရုံသာမက တရုတ်ကဲ့သို့ ပြိုင်ဘက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို အားပေးရန်အတွက် စီရင်ဆုံးဖြတ်ခွင့်အာဏာရှိ လုပ်ဆောင်ချက်တစ်ချို့ကို လုပ်ဆောင်သွားနိုင်သည်။ 

ဘိုင်ဒင်သည် နိုဝင်ဘာ ၁၂ ရက်က အဓိကျသည့် အာရှ မဟာမိတ်များနှင့်အကြား ဆက်ဆံရေးကို ကျားကန်ရန် ကြိုးပမ်းခဲ့ပြီး ဂျပန်၊ တေင်ကိုရီးယား၊ သြစတြေးလျ၏ ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် စကားပြောခဲ့သည်။ 

အောက်ပါတို့သည် ဘိုင်ဒင် သမ္မတသစ်အဖြစ် ပထမဆုံးရုံးတက်သည့် နေ့ရက်များအတွင်း အဓိကကျသည့် ကိစ္စရပ်သုံးခုအပေါ် မူဝါဒ အပြောင်းအလဲများကို ချက်ချင်း လက်ငင်း လုပ်ဆောင်သွားနိုင်သည့် လုပ်ဆောင်ချက်တစ်ချို့ ဖြစ်သည်။ 

လုံခြုံရေး 

တရုတ်အပေါ် နိုင်ငံရေးပါတီနှစ်ရပ် ပါဝင်သော သဘောထားရပ်တည်ချက်က ပြီးခဲ့သည့် လေးနှစ်အတွင်း မာကျောခက်ထန်နေခဲ့သည်။ ယင်းသည် ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များအကြား အခြေခံသဘောထားတူညီမှု ရှိသည်ကို တွေ့ခဲ့ရသည့် ထရမ့်အတွက် ကိစ္စရပ်အနည်းငယ်ထဲမှ တစ်ခုပင် ဖြစ်သည်။ လာမည့် ဇန်နဝါရီတွင် တရုတ်နှင့် ပတ်သက်၍ ဝါရှင်တန်၏ ဆက်စပ်ပတ်သက်မှု သဘောလက္ခဏာ လေသံ အနေအထားသည် အနည်းဆုံးတော့ ပြောင်းလဲမည်ဖြစ်သည်။ 

“အဲဒီလို အန္တရာယ်ခံတွင်းဝအထိ တိုးဝင်စွန့်စားတဲ့ မူဝါဒမျိုးနဲ့ ထရမ့်လက်ထက် လွန်လွန်းတဲ့ ထုတ်ပြန်ချက်မျိုးက အဆုံးသတ်သွားဖွယ် ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဘိုင်ဒင် အစိုးရရဲ့ ပိုမို မဟာဗျူဟာကျပြီး ချင့်ချင့်ချိန်ချိန် ဖြစ်တဲ့ သဘောထားအယူအဆ လုပ်ဆောင်ချက်တွေကို မျှော်လင့်နိုင်ဖွယ် ရှိပါတယ်” ဟု ဖိလစ်ပိုင်တက္ကသိုလ်မှ ပင်လယ်ရေကြောင်း အရေးနှင့် ပင်လယ်ပြင်ဥပဒေဆိုင်ရာ အင်စတီကျူ့မှ ညွှန်ကြားရေးမှူး ဂျေး ဘတ်တုံဘေကယ်လ်က နိုဝင်ဘာ ၉ ရက်က ဂျာနယ်လစ်များနှင့် တွေ့ဆုံသည့် အွန်လိုင်း ဖိုရမ်တစ်ခုတွင် ပြောသည်။ 

အမေရိကန်အနေဖြင့် အပြိုင်အဆိုင်ဖြစ်နေသည့် ရေပြင်အတွင်း ယင်း၏ လွတ်လပ်စွာ ရေကြောင်း သွားလာမှု ဆိုင်ရာ စစ်ဆင်ရေးကဲ့သို့ လုပ်ဆောင်မှုများကို ဆက်လုပ်သွားမည်ဖြစ်သလို ထရမ့် အစိုးရလက်ထက် ပြန်လည် ဖော်ထုတ်ထားသည့် Quad မဟာမိတ်အုပ်စုနှင့်အကြား စစ်ရေး လေ့ကျင့်မှုများကို ဆက်လုပ်သွားမည်ပင် ဖြစ်ကြောင်း နယူးဆောက်ဝေး တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ ကားလ် တေးယာက ပြောသည်။ 

အရှေ့တောင်အာရှနိုင်ငံများနှင့်အကြား ဝါရှင်တန်၏ အားထုတ်မှုများကို ချိတ်ဆက်ညှိနှိုင်းနိုင်ပြီး အာရှမြို့တော်များတွင် အကျွမ်းတဝင်ရှိမည့် အရာရှိများကို ဘိုင်ဒင်အနေဖြင့် ခန့်အပ်သွားဖွယ် ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း ကဲ့သို့ ဒေသဆိုင်ရာ မဟာမိတ်အုပ်စုများသည် ထရမ့်ထက် စာပါက ဘိုင်ဒင်အတွက် ဦးစားပေးကိစ္စတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထရမ့်သည် အာဆီယံထိပ်သီးအစည်းအဝေးကို နှစ်နှစ်ဆက်တိုက် တက်ရောက်ခဲ့ခြင်းမရှိပေ။ 

“အာဆီယံ အစည်းအဝေးတွေမှာ အမေရိကန် ပိုမိုပါဝင်တက်ရောက်လာမှုတွေကို မြင်ရနိုင်ပါတယ်၊ ဘိုင်ဒင် အစိုးရရဲ့ လုပ်နည်းကိုင်နည်းက နီယိုအင်စတီကျူးရှင်းဝါဒဖြစ်လာမယ်လို့ ထင်ပါတယ်၊ အဲဒါက ထရမ့် အစိုးရရဲ့ လက်တွေ့ဝါဒီ လုပ်ကိုင်နည်းနဲ့ ကွာခြားပါလိမ့်မယ်” ဟု ဗီယက်နမ် တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သည့် ထရန်ဖန်ငေါ့မင်က ပြောသည်။ 

အဆင့်မြင့်လယ်ဗယ် အမေရိကန် ရှိနေမှုက အာဆီယံကို ဘက်လိုက်ရန် ဖိအားပေးခံရမှုနှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟထုတ်ဖော်ရန် ပိုမိုကောင်းမွန်သော အခွင့်အရေးတစ်ခု ပေးအပ်မည်ဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု အရေးဆိုထားသော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် တရုတ်ကို အဓိက ကုန်သွယ်ဘက် ပါတနာတစ်ဦးအဖြစ် ထည့်တွက်ထားရပြီး စီးပွားရေးအရ ဒဏ်ခတ်ခံရမည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ 

ကိုရီးယားကျွန်းဆွယ်နှင့်ပတ်သက်၍ ဘိုင်ဒင်၏ မူဝါဒသည်လည်း တောင်ကိုရီးယားနှင့် ဂျပန်တို့အတွက် ချက်ချင်းလက်ငင်း စိတ်သက်သာရာရမှုကို ပေးအပ်နိုင်ဖွယ် ရှိသည်။ အဆိုပါ မဟာမိတ်နိုင်ငံများသည် ၎င်းတို့နိုင်ငံများတွင် အမေရိကန်စစ်သည်တပ်ဖွဲ့များ ဆက်ရှိစေရန်အတွက် ငွေကြေးအသုံးစရိတ် ပိုမို ပေးအပ်ရန် ထရမ့်၏ ဖိအားပေးခြင်းကို ခံထားရသည်။ 

ဘိုင်ဒင်လက်ထက်တွင် တိုကျို၊ ဆိုးလ်နှင့်အကြား ဝါရှင်တန်၏ မဟာမိတ်ပြုမှုများသည် ရန်မူဆန့်ကျင်လိုမှု နည်းပါးပြီး ပိုမိုလိုလားစိတ်ဝင်စားမှု ရှိမည်ဟု မျှော်လင့်ရကြောင်း တေယာက ပြောသည်။ 

“အဲဒါရဲ့ ဆိုလိုမှုက သူတို့ဟာ လေ့ကျင့်မှုတွေအတွက် တောင်တရုတ်ပင်လယ်မှာ ပိုမိုကောင်းစွာ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်နိုင်တာဖြစ်ပါတယ်၊ တောင်ကိုရီးယား ရေတပ်ဟာ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာကို ကျွန်တော်တို့ မြင်ရလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်” ဟု တေယာက ပြောသည်။ 

ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့် အဆင့်မြင့်လယ်ဗယ် ထိပ်သီးအစည်းအဝေး နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ယင်းတွင် ပြုံယမ်းထံမှ နျူကလီးယားလက်နက် ဖျက်သိမ်းစွန့်လွှတ်ရေး ခိုင်မာသော ကတိကဝတ် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပေ။ 

“ဘိုင်ဒင် အစိုးရကတော့ ထိပ်သီးအစည်းအဝေးတွေ၊ ကြီးမားတဲ့ အပေးအယူသဘောတူညီချက်တွေထက် စာရင် ပြုံယမ်းနဲ့အကြား အလုပ်သဘောလယ်ဗယ် ဆွေးနွေးမှုတွေနဲ့ ဆက်လုပ်သွားဖွယ် ရှိပါတယ်” ဟု ဆိုးလ်မြို့ရှိ အီဝှာ အမျိုးသမီးတက္ကသိုလ်မှ နိုင်ငံတကာ လေ့လာမှုဆိုင်ရာ တွဲဖက်ပါမောက္ခ လေဖ် အီရစ် အီစလေက ပြောသည်။ “ဘိုင်ဒင်အနေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းဖို့ မခြိမ်းခြောက်ဘဲ ဆိုးလ်ဆီကနေ စစ်တပ် အသုံးစရိတ် မျှဝေကျခံမှုပိုင်းမှာ အတော်အတန် အသင့်အတင့် တိုးမြှင့်မှုတွေကို တောင်းဆိုပါလိမ့်မယ်” 

ကုန်သွယ်ရေး 

အာရှဒေသအတွက် မေးခွန်းတစ်ခုက ဘိုင်ဒင်အနေဖြင့် ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး စာချုပ် TPP တွင် အမေရိကန်ကို ပြန်လည်ဆောင်ကြဉ်း ခေါ်သွင်းမည်လား ဆိုသည်ပင် ဖြစ်သည်။ ကွန်ဂရက်ထဲတွင် လေပြင်းထန်သည့် တိုက်ပွဲတစ်ခုက TPP ကို ဘိုင်ဒင်၏ ဦးစားပေးကိစ္စများ စာရင်းထဲကနေ ဖယ်ထုတ်သွားဖွယ် ရှိသည်။ 

အခြားသော အဖွဲ့ဝင် ၁၁ နိုင်ငံသည် အမေရိကန် မပါဘဲဖြင့် ၂၀၁၈ ခုနှစ် မတ်လတွင် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီး ယင်းကို အဆိုပါနှစ် ဒီဇင်ဘာတွင် ယင်းစာချုပ်ကို အသက်ဝင်ထားစေခဲ့သည်။ 

ဘိုင်ဒင် အစိုးရလက်ထက် အဆိုပါ စာချုပ်တွင် ပြန်လည်ပူးပေါင်းပါဝင်ခြင်းက ဂျပန်နှင့် စင်ကာပူကဲ့သို့ ပို့ကုန် ဦးစားပေးမှီခိုသော စီးပွားရေးနိုင်ငံများအတွက် အခွင့်အလမ်းများ ပိုမို ထောက်ပံ့ပေးမည်ဖြစ်သလို အခြားသော အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများကိုလည်း ယင်းစာချုပ်တွင် ပူးပေါင်းပါဝင်လာရေး စဉ်းစားရန် တိုက်တွန်းနိုင်သည်။ သို့သော်ငြားလည်း TPP ရှိ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို ဖြစ်နိုင်ဖွယ် ပြန်လည် ညှိနှိုင်းဆွေးနွေးခြင်းက ရှိရင်းစွဲ အဖွဲ့ဝင်များအတွက် အရဲစွန့်ရမှု တစ်ခုကို ဖြစ်ကောင်းဖြစ်စေနိုင်သည်။ 

သို့သော် ဘိုင်ဒင်အနေဖြင့် ကျန်းမာရေး အကျပ်အတည်း လျော့ပါးသက်သာစေခြင်းနှင့် အမေရိကန်များအတွက် အလုပ်အကိုင်များ ရရှိသေချာစေခြင်း ကဲ့သို့ ပြည်တွင်း ကိစ္စရပ်များကို ဦးစားပေးသွားဖွယ် ရှိနေသည့်အတွက် ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုသည် မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ဖွယ် မရှိပေ။ “ပြည်တွင်းမှာ အမေရိကန် ယှဉ်ပြိုင်နိုင်မှုမှာ ပထမဆုံး ရင်းနှီးမြုှပ်နှံမှု မတိုင်မီ ဘယ်လို ကုန်သွယ်ရေး သဘောတူညီချက်အသစ်တွေကိုမှ ကျွန်တော်တို့ ဆွေးနွေးမှာမဟုတ်ပါဘူး” ဟု သြဂုတ်လတွင် အတည်ပြုခဲ့သည့် ဒီမိုကရက်တစ်ပါတီ ပလက်ဖောင်းတွင် ထုတ်ပြန်ခဲ့သည်။ 

“များမကြာမီ ကာလအတွင်းမှာတော့ CPTPP မှာ ပူးပေါင်းမှုနဲ့ပတ်သက်လို့ ဘယ်လို အားကောင်းတဲ့ လုပ်ဆောင်ချက်တွေကိုမှ ကျွန်တော်တို့ မြင်ရဖွယ် မရှိပါဘူး၊ အထူးသဖြင့်တော့ ဘိုင်ဒင်အနေနဲ့ ကုန်သွယ်မှုကို ပိုမိုဆန့်ကျင်လိုဟန်ရှိတဲ့ တိုးတက်ဝါဒီတွေအကြား သူ့ရဲ့ အများယုံကြည်လက်ခံနိုင်မှုကို လျော့ပါးစေတာမျိုးကို ရှောင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်” ဟု စီးပွားရေးအကဲဖြတ်ဆန်းစစ်မှုအဖွဲ့ Economist Intelligence Unit မှ ကမ္ဘာ့ ကုန်သွယ်မှုဆိုင်ရာ အကြီးအကဲ နစ်ခ် မားရိုးက နိုဝင်ဘာ ၉ ရက် မှတ်ချက်တစ်စောင်တွင် ရေးခဲ့သည်။ 

ဘိုင်ဒင်အနေဖြင့် ထရမ့် လုပ်ဆောင်သလိုမျိုး တရုတ်ထံ နည်းပညာ ပို့ကုန်များအပေါ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှု လုပ်ဆောင်ဖွယ်ရာ မရှိသည့်အတွက် တရုတ်၏နည်းပညာလုပ်ငန်းသည်လည်း အသက်ရှုချောင်စရာ အခြေအနေတစ်ချို့ ရှိလာနိုင်သည်။ “အခွန်အကောက် လျှော့ပေါ့မှုကို မျှော်လင့်ထားမိပါတယ်၊ ဒါပေမယ့် အခွန်အကောက် မဟုတ်တဲ့ အစီအမံတွေ ဆက်လုပ်တာက ရှိနေပါလိမ့်မယ်၊ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက် တည်တံ့ခိုင်မြဲမှုနဲ့ ဉာဏမူဝါဒပိုင်းအပေါ် အထူး အာရုံစိုက်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ကာနက်ဂျီ နိုင်ငံတကာ ငြိမ်းချမ်းမှုဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုအဖွဲ့မှ အကြီးတန်းအသင်းဝင် ဖြစ်သည့် အန်ကစ် ပန်ဒါက ပြောသည်။ 

ရာသီဥတု ပြောင်းလဲမှု 

မဲဆွယ်စည်းရုံးမှုအတွင်း ဘိုင်ဒင်က ၎င်း သမ္မတအဖြစ် ရုံးစတက်သည့် ပထမဆုံးနေ့မှာပင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ဆီ အမေရိကန် ပြန်လာမည်ဟု ကတိပြုခဲ့သည်။ သို့သော် အာရှ မြို့တော်များနှင့် စီးပွားရေးဗဟိုနေရာများအနေဖြင့် ကာဗွန် အခွန်အကောက်တစ်ရပ်ကို မစိုးရိမ်ရန် လိုအပ်သည်။ 

၎င်း၏ ပါတီအနေဖြင့် ကွန်ဂရက်၏ လွှတ်တော်နှစ်ရပ်စလုံးတွင် ထိန်းချုပ်မှု ပြန်ရရှိမည် ဆိုလျင်တောင်မှ ဘိုင်ဒင်အနေဖြင့် ကာဗွန် အခြေပြု သွင်းကုန်များအပေါ် မှီခိုနေသည့် ပြည်တွင်းစက်မှုလုပ်ငန်းများအပေါ် သက်ရောက်မည့် အခွန်အကောက် အစီအမံတစ်ရပ်ကို ညှိနှိုင်းရာတွင် မော်တော်ကားလုပ်ငန်းကဲ့သို့ လုပ်ငန်းများထံမှ အတိုက်အခံပြုမှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။ 

“ဘိုင်ဒင်အစိုးရအနေနဲ့ နိုင်ငံရေးအရ လွယ်ကူတဲ့ win-win မူဝါဒ (ကွန်ဆာတေးဗစ်နဲ့ လစ်ဘရယ် ရည်မှန်းချက်တွေ တပြိုင်နက်တည်း အောင်မြင်နိုင်မယ့် မူဝါဒ)  ဧရိယာတွေကို ဘာကြောင့် ပထမဆုံးသွားဖို့ မရွေးမှာလဲ ဆိုတာနဲ့ပတ်သက်လို့ အကြောင်းပြချက် မရှိပါဘူး”  ၀က်စ်လီယန် တက္ကသိုလ်မှ အစိုးရနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုဌာန ပါမောက္ခ မေရီ အဲလစ် ဟာဒက်က ပြောသည်။ 

ဘိုင်ဒင်အတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် ထရမ့် ခေါက်သိမ်းထားခဲ့သည့် စည်းမျဉ်းများကို ပြန်လည်အသက်သွင်းခြင်းတို့ လုပ်ရာတွင် လွယ်ကူသလောက် ရှိနိုင်သည်။ 

“ကံမကောင်းတာက သမ္မတ အပြောင်းအလဲဖြစ်ချိန်မှာ အေဂျင်စီတွေမှာ ကိစ္စတွေကို ပြောင်းလဲဖို့ ဘယ်လောက်တောင် အတော်လွယ်ကူသလဲ ဆိုတာကို ထရမ့်နဲ့တုန်းကလည်း ကျွန်မတို့ မြင်ခဲ့ရပါတယ်၊ အပေါင်းလက္ခဏာဆောင်တဲ့ ရှုထောင့်အရကြည့်ရင် ဒါက ဘိုင်ဒင်အတွက် အရမ်းကို လွယ်ကူနေသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ထရမ့် ချက်ချင်း လုပ်ထားခဲ့တဲ့ အပြောင်းအလဲတွေက တရားရုံးတွေမှာ တန့်နေလို့ ဖြစ်ပါတယ်” ဟု ဟာဒက်က ပြောသည်။ 

နိုင်ငံတကာအတိုင်းအတာအရ ယင်းသည် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို ဦးတည်သော အခြေခံအဆောက်အအုံ ပရောဂျက်များကို ဦးစားပေးရန်အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် သို့မဟုတ် အာရှဖွံ့ဖြိုးရေးဘဏ် ကဲ့သို့သော ဘက်ပေါင်းစုံ ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများတွင် သြဇာလွှမ်းမိုးမှုကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် အမေရိကန်၏ အစိမ်းရောင် ထုတ်ကုန်များကို ပြည်ပတွင် ကြော်ငြာခြင်းတို့ ပေါင်းစည်းလိုက်မှုတစ်ခုကို ဆိုလိုရာ ရောက်မည်ဖြစ်သည်။ 

ယင်းသည် တရုတ်၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်လမ်း စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်အတွက် တံခါးဖွင့်ပေးလိမ့်မည်ဖြစ်သည်။ ဝါရှင်တန်ဘက်က နှစ်များနှင့်ချီ ဝေဖန်မှုများ ရှိနေသည့်အကြားက တရုတ်၏ စီမံကိန်းသည် နှေးကွေးသွားသည့် လက္ခဏာရပ်များ ပြသထားခဲ့ခြင်း မရှိပေ။ “အဲဒါကတော့ အမေရိကန်ကုမ္ပဏီတွေ ပိုကြီးမားတဲ့ စျေးကွက်တွေအတွက် နည်းပညာနဲ့ စိတ်ဆန္ဒရှိတဲ့၊ တရုတ်ကုမ္ပဏီတွေ စျေးကွက်နဲ့ ဝယ်လိုအား ရှိတဲ့ ကြီးမားတဲ့ win-win (နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့်) ဖွဲ့စည်းပုံတစ်ခု ဖြစ်ပါတယ်” ဟု ဟာဒက်က ပြောသည်။ 

ယင်းသည် ပြီးခဲ့သည့် လေးနှစ်အတွင်း စီနီယာ သံတမန်များ ထွက်ခွာထားမှုနှင့် ကြုံတွေ့ထားခဲ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်လည်တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။ ဘိုင်ဒင်အနေဖြင့် သံတမန် အဖွဲ့များအတွက် ဘတ်ဂျက် ကောက်ခံရန် သာမက မြို့ပြနှင့် ပြည်နယ် ဒီပလိုမေစီ အက်ဥပဒေကို ပြန်လည် ဆယ်မရန် အတွက် ကွန်ဂရက်ကို လိုအပ်မည်ဖြစ်သည်။ ယမန်နှစ်နောက်ပိုင်းကတည်းက အောက်လွှတ်တော်တွင် တန့်အီနေခဲ့သည့် ဥပဒေမူကြမ်းက အမေရိကန် အုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များ နှင့် ၎င်းတို့၏ နိုင်ငံတကာ အဆင့်တူပုဂ္ဂိုလ်များတို့အကြား ရာသီဥတုပြောင်းလဲမှု ကဲ့သို့ ကိစ္စရပ်များနှင့်ပတ်သက်၍ ချိတ်ဆက်လုပ်ဆောင်မှုကို မြှင့်တင်အားပေးမည့် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးတစ်ခုကို ဖန်တီးမည်ဖြစ်သည်။ 

ပြည်တွင်း၌မှာမူ အစိမ်းရောင် စီးပွားရေးတစ်ခုအဖြစ် အမေရိကန်ကို ပြန်လည် တည်ဆောက်ခြင်းသည် ဘိုင်ဒင်၏ ကိုရိုနာဗိုင်းရပ်စ် ပြန်လည် ထူထောင်ရေး အစီအစဉ်၏ အဓိကအချက် ဖြစ်နေခဲ့သည်။ 

“ရှင့်အနေနဲ့ ရာသီဥတုကို ထောက်ခံလိုလားပြီး စီးပွားရေးကို ထောက်ခံလိုလားတဲ့သူ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် စီးပွားရေး ထောက်ခံလိုလားပြီး ရာသီဥတုကို ဆန့်ကျင်သူ မဖြစ်နိုင်ပါဘူး” ဟု ဟာဒက်က ပြောသည်။ “ဘိုင်ဒင် ထောက်ပြထားသလိုပဲ ဒါက သူရှုံး ကိုယ်နိုင် (Zero-Sum) မဟုတ်ပါဘူး” ။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly