လွိုင်ကော်မြို့၊ဝါရီကောခူ အထကကျောင်း(ခွဲ)ရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ပြောင်းရွှေ့ရန် ကယားပြည်နယ်အစိုးရ စီစဉ်နေ

လွိုင်ကော်မြို့၊ဝါရီကောခူ အထကကျောင်း(ခွဲ)ရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ပြောင်းရွှေ့ရန် ကယားပြည်နယ်အစိုးရ စီစဉ်နေ
ဓာတ်ပုံ - စောသန်းထိုက်ဦး

နိုဝင်ဘာ ၁၄

ကယားပြည်နယ်၊လွိုင်ကော်မြို့ရှိ ဒေသခံပြည်သူများတောင်းဆိုထားသည့် ဝါရီကောခူ အထကကျောင်း ( ခွဲ )ရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ယခုလနိုဝင်ဘာလကုန်တွင်ပြောင်းရွေ့ရန် ကယားပြည်နယ်အစိုးရက စီစဉ်နေကြောင်း လွိုင်ကော် မြို့စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

“ဝါရီကောခူ ကျေးရွာမှာရှိတဲ့ ပြည်သူတွေက သူတို့နဲ့ အရမ်းနီးစပ်ပါတယ်။ကားဝင်းကြီးထဲမှာရှိတဲ့ ကားစပယ် ယာတွေကလည်း စည်းကမ်းရှိတဲ့လူတွေရှိသလို၊စည်းကမ်းမရှိတဲ့လူတွေကျတော့ ညထွက်တဲ့အခါ သူတို့ အတွက် ကူးစက်နိုင်တဲ့အနေအထားမျိုးရှိပါတယ်။ဒါကြောင့် သင့်တော်တဲ့နေရာကိုရွေ့ပေးပါလို့ တောင်းဆိုတဲ့ အခါကျတော့ ကယားပြည်နယ်အစိုးရအဖွဲ့က စီစဉ်ပေးနေတယ်”ဟု ဒုတိယညွန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ကုန်တင်ယာဉ်ရပ်နားစခန်းကို ယခင်လွိုင်ကော်မြို့ အထက(၆)ကျောင်းတွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါများ ဒုတိယအကြိမ်ပြန်လည်ဖြစ်ပွားမှုကြောင့် ယာဉ်ရပ်နားစခန်းကို ဝါရီကောခူ အထကကျောင်းခွဲအတွင်းသို့ ကယားပြည်နယ်အစိုးရ ယာယီပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ကိုဗစ်ရောဂါများကူးစက်မှုမရှိစေရန်အတွက် ခရီးသည်တင်ယာဉ်များပြေးဆွဲခွင့်ကို အောက်တိုဘာလကုန်အထိ ယာယီရပ်နားထားခဲ့ပြီး ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်၍ ပြတ်တောက်ခြင်းမရှိ စေရန် ကယားပြည်နယ်အစိုးရက ကုန်တင်ယာဉ်များအား ဝါရီကောခူ အထကကျောင်းခွဲတွင် ရပ်နားစေပြီး လွိုင်ကော်မြို့သို့ တဆင့်ပို့ဆောင်စေခဲ့သည်။

ထို့နောက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ယာဉ်ရပ်နားစခန်း၌ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိခဲ့ သည့်အတွက် အတည်ပြုလူနာတွေ့ရှိပြီး နှစ်ရက်ခန့်အကြာ၌ ၎င်းယာဉ်ရပ်နားစခန်းကိုရွှေ့ပြောင်းပေးရန် ဒေသခံများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

လက်ရှိတွင် ဒေသခံများတောင်းဆိုထားသည့် ကုန်တင်ယာဉ်ရပ်နားစခန်းကို မြန်မာ့သစ်လုပ်ငန်း၊သစ်ထုတ် ရေးဌာန၊လွိုင်ကော်သစ်ဆိပ်သို့ ပြောင်းရွေ့ပေးရန် ကယားပြည်နယ်အစိုးရ ခေတ္တဝန်ကြီးချုပ်အပါအဝင် ခရိုင်အုပ် ချုပ်ရေးမှူးတို့က ကွင်းဆင်းဆောင်ရွက်ထားကြောင်း သိရသည်။

လူဦးရေး ၁၅၀ နေနိုင်မည့် အဆောက်အဦး ငါးခုကို နိုဝင်ဘာ ၁၄ရက်တွင် ဆောက်လုပ်နေပြီး ရေနှင့် တခြား သန့်ရှင်းရေးကိစ္စများကို စည်ပင်နှင့် မီးသတ်အဖွဲ့တို့က တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေရရှိရေးအတွက် ဘီလူချောင်းမှတဆင့် ကားဖြင့်စီစဉ်ပေးမည်ဖြစ်ကြောင်း ဒုတိယညွန်ကြားရေးမှူး ဦးသန်း ထွန်းက ပြောသည်။

အဆိုပါ ယာဉ်ရပ်နားစခန်းသည် ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် နယ်စပ်တွင်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly