နယူးယောက်ပြည်နယ်ကလွဲလို့ COVID-19 ကာကွယ်ဆေးကို ဧပြီအစောဆုံး အားလုံး ရရှိမယ်လို့ ထရမ့် ပြော 

နယူးယောက်ပြည်နယ်ကလွဲလို့ COVID-19 ကာကွယ်ဆေးကို ဧပြီအစောဆုံး အားလုံး ရရှိမယ်လို့ ထရမ့် ပြော 
Photo - AFP

နိုဝင်ဘာ ၁၄

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က COVID-19 ကာကွယ်ဆေး တိုးတက်မှုနဲ့ ပတ်သက်ပြီး မီဒီယာကို ပြောဆိုရာမှာ အတည်ပြုချက်ကို စောင့်ဆိုင်းနေပြီး ကာကွယ်ဆေး သန်းပေါင်းများစွာ မကြာမီမှာ ရရှိမယ်လို့ ပြောလာခဲ့ပါတယ်။ 

“ကာကွယ်ဆေး လုပ်ငန်းစဉ်က လမ်းကြောင်းမှန်နဲ့ စတင်နေပါပြီ။ ဆေးသန်းပေါင်းများစွာ မကြာမီမှာ ထုတ်လုပ်တော့မှာပါ။ ဒီအတွက် အားလုံး အသင့်ဖြစ်နေပါပြီ။ နောက်ဆုံး အတည်ပြုချက်ကိုပဲ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ ဧပြီလ အစောဆုံး လူတိုင်း ကာကွယ်ဆေး ရနိုင်မှာပါ။ နယူးယောက်လို ပြည်နယ်မျိုးကလွဲပြီးပေါ့။”လို့ ထရမ့်က ပြောပါတယ်။  

သမ္မတ ထရမ့်အနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးကတည်းက ပထမဆုံး လူရှေ့ထွက်တာအဖြစ် အိမ်ဖြူတော် နှင်းနီဥယျာဉ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူ့ အစိုးရအနေနဲ့ လော့ဒေါင်း ပြန်ချဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။ 

“Pfizer ဆေးဝါးကုမ္ပဏီက တနင်္လာနေ့မှာ ကြေညာသွားပါတယ်။ တရုတ်ဗိုင်းရပ်စ်ကို သူ့ ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်တယ်လို့ ကြေညာခဲ့တာပါ။ ကျွန်တော်တို့ အစိုးရအနေနဲ့ လော့ဒေါင်းချဖို့ မရှိပါဘူး။”ဆိုပြီး ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်လို့ သုံးနှုန်းပြီး ထရမ့်က ပြောဆိုခဲ့ပါတယ်။ 

နယူးယောက်ပြည်နယ်ကို ခြွင်းချက်ထားရတာကလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကူအိုမိုက ကာကွယ်ဆေး ဖြန့်ဖြူးပေးရေးအတွက် အသင့်ဖြစ်တဲ့အချိန်ကို ကျွန်တော်တို့ဆီ အသိပေးဖို့ ရှိနေတာကြောင့် ဒီလိုမျိုး အသိပေးမလာရင် ပြည်သူတွေဆီ ဆေးဖြန့်နိုင်မှာ မဟုတ်တာကြောင့်ဖြစ်တယ်လို့ သူက ရှင်းလင်းပြောဆိုပါတယ်။ 

အခု သတင်းရှင်းလင်းပွဲဟာ ထရမ့်အနေနဲ့ ရွေးကောက်ပွဲမှာ မဲ ၂၃၂ မဲပဲ ရပြီး ဒီမိုကရက်တစ်ပြိုင်ဖက် ဂျိူးဘိုင်ဒင်က ၃၀၆ မဲရထားကာ အနိုင်ရပြီလို့ အမေရိကန်မီဒီယာတွေက ဖော်ပြနေချိန်မှာ ကျင်းပလာတဲ့ သတင်းစာရှင်းလင်းပွဲပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် ထရမ့်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်းကို ခုထိ ဝန်မခံသေးတာကြောင့် သတင်းထောက်တွေက “ဘယ်အချိန် ရွေးကောက်ပွဲ အရှုံးကို ဝန်ခံမလဲ။”ဆိုပြီး အော်မေးကြတာကို တုံ့ပြန်ခြင်းမရှိဘဲ နှင်းဆီဥယျာဉ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမှာ အမေရိကန်နိုင်ငံအတွင်း သေဆုံးသူ ၂၄၃၀၀၀ ဦးကျော် ရှိနေပြီး ကမ္ဘာမှာ သေဆုံးမှု အများဆုံးပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly