ကုမ္ပဏီတွေကို စစ်တပ်အား ကူညီတယ်ဆိုပြီး ရင်းနှီးမြုပ်နှံမှု ပိတ်တဲ့ အမေရိကန် လုပ်ရပ် တရုတ် ပြင်းထန်စွာ ပြစ်တင် 

ကုမ္ပဏီတွေကို စစ်တပ်အား ကူညီတယ်ဆိုပြီး ရင်းနှီးမြုပ်နှံမှု ပိတ်တဲ့ အမေရိကန် လုပ်ရပ် တရုတ် ပြင်းထန်စွာ ပြစ်တင် 
Photo - AFP

နိုဝင်ဘာ ၁၄

တရုတ်စစ်တပ်ကို ကူညီပေးနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တားမြစ်ပိတ်ပင်လိုက်တာကြောင့် တရုတ်ကုမ္ပဏီတွေအပေါ် ထင်ရာစိုင်း ဖိနှိမ်ဖို့ နိုင်ငံအာဏာကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အမေရိကန်ကို တရုတ်က ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့တွေကို ကူညီထောက်ပံ့နေတယ် ယူဆရတဲ့ တရုတ်ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံတာကို အမေရိကန်နိုင်ငံသားတွေကို တားမြစ်တဲ့ အထူးအမိန့်ကို ကြာသပတေးနေ့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။ 

“ဒီလုပ်ရပ်ဟာ နိုင်ငံရေးမကင်းတဲ့ လုပ်ရပ်ပါပဲ။ အမေရိကန်အစိုးရဟာ တရုတ်ရဲ့ စစ်တပ်နဲ့ အရပ်ဖက် သဟဇာတဖြစ်တဲ့ ဖွံ့ဖြိုးမှု ပေါ်လစီကို အသရေပျက်အောင် လုပ်ကြံပြောဆိုတာပါ။ ပြီးတော့ တရုတ်ကုမ္ပဏီတွေကို ထင်ရာစိုင်းဖိနှိပ်ဖို့ နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်တာပါပဲ။ ဒါဟာ ဈေးကွက်ယှဉ်ပြိုင်မှု အခြေခံမူဘောင်အပြင် နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်လိုက်တာပါ။ တရုတ်နဲ့ အမေရိကန်ကြားက ပုံမှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တာပဲ။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝေါင်ဝမ်ပင်းက ပြောပါတယ်။ 

တရုတ်ကုမ္ပဏီ ၃၁ ခုမှာ ရင်းနှီးမြုပ်နှံမှု ပိတ်ပင်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ အထူးအမိန့်မှာ တရုတ်ဟာ စစ်တပ်နဲ့ ဖျက်အားပြင်း လက်နက်တွေ တီထွင်ထုတ်လုပ် ဖြန့်ကြက်ရေးအပါအဝင် စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေအတွက် ရန်ပုံငွေရဖို့ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေကို တိုးပြီး အမြတ်ထုတ်နေတယ်ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ဒီ အထူးအမိန့်နဲ့ ပတ်သက်ပြီး ဝေါဝမ်ပင်းက ဆက်လက်ပြောဆိုရာမှာ “ဒါဟာ တရုတ်ကုမ္ပဏီတွေရဲ့ တရားဥပဒေအခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ရုံမကဘူး အမေရိကန်က ရင်းနှီးမြုပ်နှံသူတွေ အပါအဝင် နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်စေတာ ဖြစ်တယ်။ တရုတ်ရဲ့ စစ်ဖက်-အရပ်ဖက် သမူဟဖြစ်တဲ့ ဖွံ့ဖြိုးမှု ပေါ်လစီကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့ အမေရိကန်ကို တိုက်တွန်းလိုတယ်။ အမျိုးသား လုံခြုံရေးကို ဗန်းပြပြီး တရုတ်ကုမ္ပဏီတွေကို အဆင်ခြင်မဲ့ ဖိနှိပ်တဲ့ အပြုအမူတွေကို ရပ်ပစ်ပါ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြီး ပြင်ဆင်ပါ။ ကျွန်တော်တို့အနေနဲ့ကတော့ တရုတ်ကုမ္ပဏီတွေရဲ့ တရားဥပဒေအခွင့်အရေးကို ပြတ်ပြတ်သားသား အကာအကွယ်ပေးသွားမှာ ဖြစ်တယ်။”လို့ ဆိုပါတယ်။ 

အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးဟာ ထရမ့် လက်ထက်မှာ သိသာစွာ ဆိုးဝါးလာနေခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အရေး၊ တရုတ်ရဲ့ ဟောင်ကောင်အပေါ် ဆက်ဆံပုံနဲ့ တောင်တရုတ်ပင်လယ် အရေးကနေ ခုဆိုရင် တရုတ်ကုမ္ပဏီတွေကို စစ်တပ်နဲ့ နွယ်တယ်ဆိုပြီး ရင်းနှီးမြုပ်နှံမှု ပိတ်ပင်တဲ့ အထူးအမိန့်ကြောင့် ဆက်ဆံရေး ပိုပြီး တင်းမာလာစေတော့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required