တရုတ်စစ်တပ်နှင့် အချိတ်အဆက်ရှိ တရုတ်ကုမ္ပဏီများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုအပေါ် ထရမ့် ပိတ်ပင် 

တရုတ်စစ်တပ်နှင့် အချိတ်အဆက်ရှိ တရုတ်ကုမ္ပဏီများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုအပေါ် ထရမ့် ပိတ်ပင် 

နိုဝင်ဘာ ၁၄

တရုတ်စစ်တပ် ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်ထားသည်ဟု ဝါရှင်တန်အစိုးရဘက်က ပြောဆိုထားသည့် တရုတ်ကုမ္ပဏီများတွင် အမေရိကန်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံခြင်းအပေါ် တားမြစ်သည့် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။ 

ယခု အမိန့်ညွန်ကြားချက်က တရုတ်ကုမ္ပဏီ ၃၁ ခု အပေါ် အကျုံးဝင်သက်ရောက်မည်ဖြစ်ပြီး ထိုကုမ္ပဏီများသည် တရုတ်စစ်တပ်၏ တည်ဆောက်ပြုပြင်မှု၊ ခေတ်မီအောင် လုပ်မှုတို့ကို ထောက်ကူပေးနေသလို အမေရိကန် လုံခြုံရေးအပေါ် တိုက်ရိုက် ခြိမ်းခြောက်နေသည်ဟု အမေရိကန်အစိုးရက ပြောသည်။ 

စမတ်ဖုန်းကုမ္ပဏီ Huawei နှင့် ဗီဒီယိုစောင့်ကြည့်မှု တပ်ဆင်ပစ္စည်းဆိုင်ရာ ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူလုပ်ငန်းတစ်ခုဖြစ်သည့် Hikvision တို့သည် အမည်ပျက်စာရင်း သွင်းခံရသည့် ကုမ္ပဏီများထဲတွင် ပါဝင်သည်။ China Telecom နှင့် China Mobile အပါအဝင် အခြားသော စာရင်းသွင်းခံထားရသည့် ကုမ္ပဏီအချို့သည် နယူးယော့ခ် စတော့အိတ်စ်ချိန်းတွင် အရောင်းအဝယ်လုပ်နေသည်။ 

ထရမ့်၏ အမိန့်ညွန်ကြားချက်တွင် ထို ကုမ္ပဏီများကနေ အစပြုသည့် သို့မဟုတ် ပတ်သက်နေသည့် အစုရှယ်ယာ လက်မှတ်များ ပိုင်ဆိုင်ခြင်း  သို့မဟုတ် ရောင်းဝယ်ခြင်းမှ အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို တားမြစ်သည်။ ယင်းပိတ်ပင်ချက်တွင် တားမြစ်ထားသော ကုမ္ပဏီများ၌ ရှယ်ယာများ ပိုင်ဆိုင်ခြင်း သို့မဟုတ် ပင်စင် ရန်ပုံငွေများလည်း ပါဝင်သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၂၁ နိုဝင်ဘာလ နောက်ဆုံးထား၍ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများကို ဖယ်ရှားရမည်ဖြစ်သည်။ 

Hikvision ၏ ရှယ်ယာတန်ဖိုးများသည် နိုဝင်ဘာ ၁၃ ရက် ရှန်ကျန်း စတော့အိတ်စ်ချိန်းတွင် မနက်ခင်း ရောင်းဝယ်မှုတွင် ၄ ရာခိုင်နှုန်းကျော် ကျခဲ့ပြီး ယင်းနောက်ပိုင်း ထိုတန်ဖိုးဆုံးရှုံးမှုများအနက် ပမာဏတချို့ကို ပြန်လည် လျှော့ချနိုင်ခဲ့သည်။ China Telecom ၏ ရှယ်ယာတန်ဖိုးများသည် ၉ ဒသမ ၃ ရာခိုင်နှုန်းကျော် ကျခဲ့ပြီး China Mobile သည်လည်း ဟောင်ကောင်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း ကျခဲ့သည်။ Huawei သည် ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်သည်။ 

ကုမ္ပဏီအပေါ် ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်သည် အခြေအမြစ်မရှိဟု Hikvision က နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။ 

“ကျွန်တော်တို့ ထပ်တလဲလဲ ပြသထားပြီးပါပြီ၊ ကျွန်တော်တို့ကုမ္ပဏီဟာ တရုတ်စစ်တပ်ကုမ္ပဏီတစ်ခု မဟုတ်ပါဘူး၊ ဒီကုမ္ပဏီက သီးခြား လည်ပတ်လုပ်ကိုင်နေတဲ့ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီပါ” ဟု Hikvision ကုမ္ပဏီက ထုတ်ပြန်သည်။ 

စစ်တပ်၏ လုပ်ငန်းလုပ်ဆောင်မှုများအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးအလုပ်များတွင် ဘယ်တုန်းအခါကမှ ပါဝင်ထားခြင်းမရှိဟု Hikvision က ပြောသည်။ 

“ကုမ္ပဏီအပေါ် ဒီလိုမျိုး ဒဏ်ခတ်တဲ့ လုပ်ဆောင်ချက်တွေ အမေရိက ဒါမှမဟုတ် ကမ္ဘာကို ပိုမို လုံခြုံစေမှာမဟုတ်ပါဘူး” ဟု ကုမ္ပဏီက ပြောသည်။ 

Huawei ၊ China Telecom နှင့် China Mobile တို့က မှတ်ချက်ပေးရန် ပန်ကြားချက်ကို လက်တလော တုံ့ပြန်ခြင်း မရှိပေ။ 

ယခု အမိန့်ညွှန်ကြားချက်သည် ဇန်နဝါရီ ၁၁ ရက်တွင် အသက်ဝင်မည်ဖြစ်ပြီး ယင်းသည် ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် နည်းပညာ ပြိုင်ဆိုင်မှုများ အရှိန်မြင့်တက်နေစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

ထရမ့် အစိုးရလက်ထက်တွင် တရုတ်နည်းပညာကုမ္ပဏီ အများအပြားသည် ဖိအားများအောက် ကျရောက်ခဲ့သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝါရှင်တန်သည် တရုတ်၏ မြင့်မားသော နည်းပညာ ရည်မှန်းချက်များအပေါ် အထူးချိန်ရွယ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးဆဲ artificial intelligence (ဉာဏ်ရည်တု နည်းပညာ) ၊ semiconductor (တစ်ပိုင်းလျှပ်ကူးပစ္စည်း) နှင့် တယ်လီကွန်မြူနစ်ကေးရှင်း လုပ်ငန်းများကို ထိခိုက်စေမည့် လုပ်ဆောင်ချက်များကို လုပ်ခဲ့သည်။ 

အတိုင်ပင်ခံလုပ်ငန်း Eurasia Group မှ ဘူမိနည်းပညာဆိုင်ရာ အကြီးအကဲ ပေါလ် ထရိုင်အိုလို ကဲ့သို့ လုပ်ငန်းတွင်း စောင့်ကြည်သူများ မျှော်မှန်းထားခဲ့သည့် မကြာမီ ပြုတ်ရန်သာ ရှိနေသည့် သမ္မတတစ်ဦးဆီမှ လာဖွယ်ရှိသော လုပ်ဆောင်ချက်များ ဆိုသည့် မှန်းဆချက်များနှင့် ထရမ့်၏ ယခုနောက်ဆုံး လုပ်ဆောင်ချက်က ကိုက်ညီနေသည်။ 

အထူးသဖြင့် တရုတ်၏ အဓိက နည်းပညာကုမ္ပဏီများအပေါ် ရည်ရွယ်သည့် လုပ်ဆောင်ချက်များအပါအဝင်  တရုတ်အပေါ် ထရမ့်အစိုးရဘက်က မာကျောသည့် ထွက်ခတ်ခတ်စကားတချို့ လုပ်လာမည့်အပေါ် ပေကျင်းအနေဖြင့် သတိချပ်နေလိမ့်မည်ဖြစ်ကြောင်း ထရိုင်အိုလိုက ပြီးခဲ့သည့်အပတ် မှတ်ချက်တစ်ခုတွင် ရေးခဲ့သည်။ 

“ဒါပေမယ့် ဇန်နဝါရီ ၂၀ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် သမ္မတတာဝန်မယူခင်အချိန်မှာ တရုတ်အနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို မပျက်စီးစေဖို့ အလို့ငှာ ယေဘုယျအားဖြင့်တော့ လက်တုံ့ပြန်လုပ်ဆောင်ချက်တွေ မလုပ်ဖို့ ဆက်လက် ချုပ်တည်းပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ 

ဝါရှင်တန် တာဝန်ရှိသူများသည် ယခုနှစ် အစောပိုင်းတွင် အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်မှုများကို ကိုးကားရည်ညွန်းလျက် တရုတ်နည်းပညာကုမ္ပဏီ Huawei အပေါ် ဒဏ်ခတ်အရေးယူမှုများ အရှိန်မြှင့်တင်လုပ်ဆောင်ထားခဲ့သည်။ Huawei အတွက် အဓိကကျသည့် အမေရိကန် နည်းပညာနှင့် ထောက်ပံ့မှုများ ရယူမှုအပေါ် ထပ်မံ ပြတ်တောက်စေခဲ့သည့် အမေရိကန်၏ ပိတ်ပင်ကန့်သတ်ချက်များက စမတ်ဖုန်းနှင့် တယ်လီကွန်မြူနစ်ကေးရှင်း တပ်ဆင်ပစ္စည်းထုတ် ကုမ္ပဏီကို ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး ကြိုးပမ်းရသည့် အနေအထားတစ်ခုကို တွန်းပို့ထားခဲ့သည်။ ယင်း၏ ထုတ်ကုန်များသည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုကို မဖြစ်စေကြောင်း Huawei က ထပ်တလဲလဲ ပြောထားသည်။ 

အမေရိကန် ပေးသွင်းထောက်ပံ့မှုများကို ရယူခြင်းအပေါ် တားမြစ်သည့် အမေရိကန် ကုန်သွယ်ရေးစာရင်းတစ်ခုထဲတွင် ယမန်နှစ်ကုန်က Hikvision လည်း ထည့်ခြင်း ခံခဲ့ရသည်။ ဝီဂါ မွတ်ဆလင်များနှင့် အခြား မွတ်ဆလင်လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟု စွပ်စွဲခံထားရသော ရှင်ကျန်းဒေသရှိ အာဏာပိုင်များနှင့်အတူ လုပ်ကိုင်မှုအတွက် Hikvision ကုမ္ပဏီသည်လည်း ပြစ်တင်ခံထားရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required