နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေချိန် သြစတြေးလျမှ သစ်တင်သွင်းမှုကို တရုတ် ပိတ်ပင် 

နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေချိန် သြစတြေးလျမှ သစ်တင်သွင်းမှုကို တရုတ် ပိတ်ပင် 
Photo - AFP

နိုဝင်ဘာ ၁၃ 

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှ သစ်တင်သွင်းမှုကို ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း တရုတ်က နိုဝင်ဘာ ၁၂ ရက်မှာ အတည်ပြုပါတယ်။ 

တရုတ်နဲ့ သြစတြေးလျအကြား ကုန်သွယ်မှုနဲ့ လူ့အခွင့်အရေး အပါအဝင် ကိစ္စရပ်တစ်ချို့နဲ့ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ခုလိုမျိုး တရုတ်က သြစတြေးလျသစ်တင်သွင်းမှုအပေါ် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ 

“သိပ်မကြာခင်တုန်းက သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ကနေ တရုတ်ဆီ တင်ပို့လာတဲ့ သစ်လုံးတွေမှာ တားဆီးထိန်းချုပ်ဖို့ လိုအပ်တဲ့ ဖျက်ပိုးတွေကို တရုတ်အကောက်ခွန်တာဝန်ရှိသူတွေက ကြားဖြတ် ဟန့်တားခဲ့ရပါတယ်၊ အဲဒီ ဖျက်ပိုးတွေ တင်သွင်းလိုက်မိတာနဲ့တစ်ပြိုင်နက် ဒါတွေက တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ သစ်တော လုပ်ငန်းရဲ့  ထုတ်လုပ်မှုပိုင်းနဲ့ ဂေဟဗေဒဆိုင်ရာ လုံခြုံမှုအပေါ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်းက ပြောပါတယ်။ 

“တရုတ် အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်ကနေစပြီး သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားကနေ လာတဲ့ သစ်သွင်းကုန်တွေ တင်သွင်းမှုကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။ 

“သြစတြေးလျအနေနဲ့ အပြောနဲ့ အလုပ်နဲ့ ညီအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ပြီးတော့လည်း တရုတ်နဲ့ သြစတြေးလျအကြား အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ကူမယ့် အရာတွေကို လုပ်ဆောင်ဖို့၊ တရုတ်-သြစတြေးလျ အလုံးစုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အနှစ်သာရနဲ့ ကိုက်ညီစေဖို့၊ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ဘက်က မျှော်လင့်ပါတယ်” လို့ ဝမ် ဝမ်ဘင်းက ပြောပါတယ်။ 

“အချိန်အတိုင်းအတာတစ်ခုအားဖြင့်တော့ သြစတြေးလျဟာ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံ စံသတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ထားခဲ့ပါတယ်၊ ပြီးတော့ ဟောင်ကောင်၊ ရှင်ကျန်း၊ တိုင်ပေ တို့နဲ့ပတ်သက်လို့လည်း လွဲမှားတဲ့ ပြောဆိုမှုတွေ၊ ဆောင်ရွက်ချက်တွေ လုပ်ထားခဲ့ပါတယ်၊ အဲဒါက တရုတ်ရဲ့ ပြည်တွင်းရေးကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခဲ့တာဖြစ်ပါတယ်” လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly