မွေးလူနာကို ဗိုက်ခွဲမွေးရာမှာ အရက်သောက်ထားတဲ့ ဆရာဝန်မကြောင့် မိခင် သေဆုံး၍ ပြင်သစ်တရားရုံးက ထောင် ၃ နှစ်ချ 

မွေးလူနာကို ဗိုက်ခွဲမွေးရာမှာ အရက်သောက်ထားတဲ့ ဆရာဝန်မကြောင့် မိခင် သေဆုံး၍ ပြင်သစ်တရားရုံးက ထောင် ၃ နှစ်ချ 
Photo - AFP

နိုဝင်ဘာ ၁၃ ၊ ၂၀၂၀

ပြင်သစ်နိုင်ငံမှာ ဗြိတိန်ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ကလေးဗိုက်ခွဲမွေးရာမှာ အရက်သောက်ထားတဲ့ ဆရာဝန်မကြောင့် သေဆုံးခဲ့ရတာအတွက် အဲဒီ ဘယ်လ်ဂျီယမ်နိုင်ငံသူ မေ့ဆေးဆရာဝန်မကို တရားရုံးက ထောင်ဒဏ်သုံးနှစ်ချမှတ်ပြီး ရာသက်ပန် ဆေးကုသခွင့် ပိတ်ပင်လိုက်ပါတယ်။

ပရမ်းပတာနိုင်တဲ့ အဲဒီ ကလေးမွေးဖွားပေးမှုမှာ မိခင်ဖြစ်သူ ဆိုင်သီယာဟော့ကီဟာ ဦးနှောက်တွင်း အောက်ဆီဂျင် ပြတ်လပ်မှု ဖြစ်ခဲ့ရပြီး လေးရက်အကြာမှာ သေဆုံးခဲ့တာအတွက် အသက် ၅၁ နှစ်ရှိ မေ့ဆေးဆရာဝန်မ ဟယ်ဂါဝူတာကို လူသေဆုံးစေမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တာပါ။ 

ပြင်သစ် အရှေ့တောင်းပိုင်းက ပါအူးမြို့ ဆေးရုံဆီ ၂၀၁၄ စက်တင်ဘာ ၂၆ ရက်မှာ ကိုယ်ဝန်သည် ဟော့ကီက မီးဖွားဆောင်ဆီ လာရောက်တက်ရောက်ချိန်မှာ အချိန်အတော် နှောင်းနေခဲ့ပါတယ်။ 

မေ့ဆေးဆရာဝန်မ ဟယ်ဂါက ဟော့ကီရဲ့ လေပြွန်ထဲအစား အစားပြွန်ထဲကို အသက်ရှုပိုက် ထိုးသွင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် အသက်ရှုစက် သုံးရမယ့်အစား အောက်ဆီဂျင်မျက်နှာဖုံးပဲ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တရားရုံး စီရင်ချက်ချရာမှာတော့ ဟယ်ဂါက မတွေ့ရပါ။ 

ဟော့ကီကို ကလေးခွဲပေးပေးချိန်က အရင် ဆယ်နှစ်တာလုံးလုံး နေ့တိုင်းလုပ်ခဲ့တဲ့အတိုင်းပဲ ဗောကာနဲ့ ရေ ရောပြီး သောက်ထားခဲ့မိတယ်လို့တော့ ဟယ်ဂါက ဝန်ခံပါတယ်။ 

ဒါပေမယ့် ဟော့ကီ သေဆုံးရတာဟာ သူ့အပေါ်မှာပဲ လုံးလုံး တာဝန်ရှိနေတာမဟုတ်ဘဲ အခြားဝန်ထမ်းတွေမှာလည်း တာဝန်မကင်းကြောင်း အပြစ်ပြောသလို အဲဒီ အချိန်က အသက်ရှုစက်ကလည်း အလုပ်မလုပ်ခဲ့ဘူးလို့ ဟယ်ဂါက လျှောက်လဲခဲ့ပါတယ်။ 

ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေအရ ဟယ်ဂါရဲ့ ပြောဆိုချက်တွေ မမှန်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဟော့ကီ မီးဖွားခန်းမဝင်ခင် တစ်ရက်အလိုမှာ ခါးအောက်ပိုင်း ထုံဆေးထိုးပေးခဲ့တာပါ။ မီးဖွားပေးချိန်မှာတော့ ပြဿနာတွေ ရှိလာခဲ့ပြီး အရေးပေါ် ခွဲခန်းဝင်ခဲ့ရတာပါ။ မေ့ဆေးဆရာဝန်မ ဟယ်ဂါကို ခေါ်ပြီး ခွဲခန်းဝင်ခဲ့ရာမှာ ဟယ်ဂါဆီက အရက်နံ ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ 

ခွဲစိတ်နေတုန်း ဟော့ကီဟာ နိုးထလာပြီး အော့အန်ကာ ပိုက်တွေကို ဆွဲဖြုတ်ပစ်ပြီး နာတယ်လို့ အော်ဟစ်ခဲ့ပါတယ်။ အဲဒီအချိန်က တာဝန်ကျဆရာမက ခွဲခန်းအကြောင်းပြောရာမှာ စစ်ဖြစ်နေသလို ဝုန်းဒိုင်းကြဲနေတော့တယ်လို့ ပြန်ပြောင်း ပြောပါတယ်။ 

ဆေးရုံကို ပြန်မလာခင် မိတ်ဆွေတွေနဲ့ ဝိုင်သောက်ခဲ့မိတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ဟယ်ဂါက ပြောပါတယ်။ သူကို ဖမ်းဆီးထိန်းသိမ်းပြီး အယ်ကိုဟောပမာဏ စစ်ဆေးရာမှာ ဝိုင်ဆယ်ခွက်လောက် သောက်ထားတဲ့ ပမာဏကို စစ်ဆေးတွေ့ရှိတာပဲ ဖြစ်ပါတယ်။ 

ပါအူး တရားရုံးဟာ ဟော့ကီရဲ့ မိသားစုတွေ ထိခိုက်နစ်နာမှုအတွက် ယူရိုငွေ ၁ ဒသမ ၄ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်း) ပေးစေဖို့လည်း အမိန့်ချခဲ့ပါတယ်။ 

ဟော့ကီရဲ့ မိသားစုကိုယ်စား စီရင်ချက်ကို လာရောက်ကြားနာတဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ

ယန်နစ်ဘယ်သာဇာက “အခု စီရင်ချက်ဟာ သူလိုမျိုး ဆရာဝန်တွေအတွက် နမူနာပဲ ဖြစ်ပါတယ်။ ကျွန်တော် မျက်စိထဲမှာတော့ သူ့ကို ဆရာဝန်လို့ကို မမြင်ဘူး။”လို့ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly