လှိုင်သာယာမြို့နယ်တွင် အစိုးရထောက်ပံ့ငွေ ၄၀၀၀၀ မရသောကြောင့် လူရာချီစုဝေးမှုဖြစ်ပွား

လှိုင်သာယာမြို့နယ်တွင် အစိုးရထောက်ပံ့ငွေ ၄၀၀၀၀ မရသောကြောင့် လူရာချီစုဝေးမှုဖြစ်ပွား
ဓာတ်ပုံ - Unaing

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက်

လှိုင်သာယာမြို့နယ်၊ အမှတ် (၂ဝ) ရပ်ကွက်၊ အပိုင် (၃)တွင် အစိုးရကပေးသည့် ထောက်ပံ့ကြေးငွေကျပ် လေးသောင်းမရသောကြောင့် မကျေနပ်သည့်ပြည်သူအချို့က လှိုင်သာယာမြို့နယ်၊အ.မ.က (၈) ကျောင်းလမ်းအနီးတွင်  လူရာချီ စုဝေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်ကာ ကိုဗစ်ထောက်ပံ့ကြေးငွေ လေးသောင်းကျပ်ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှတဆင့်ပေးဝေခဲ့ရာ ထောက်ပံ့ကြေး ယူရန် လာရောက်သူများထဲမှ အများစုက မရရှိသောကြောင့် ညနေ ၄ နာရီအချိန်လောက်တွင် ထိုသို့စုဝေးဆူပူမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဇ္ဈိမကရရှိထားသောဗီဒီယိုဖိုင်တွင် ထောက်ပံ့ကြေးရရှိသည့် ပြည်သူအချို့က ငွေလက်ခံရန် တန်းစီစောင့် ဆိုင်းနေပြီး ထောက်ပံ့ကြေးမရသည် ပြည်သူအချို့ကမူ လူစုလူဝေးဖြင့် အော်ဟစ်ပြောဆိုနေသည်ကို တွေ့ရ သည်။

ထောက်ပံ့ကြေးမရရှိသေးသူ တစ်ဦးဖြစ်သည့် ကိုနေနိုင်မျိုးက “ကျွန်တော်တို့ဆီက နာမည်စာရင်းယူပြီးသွားပြီး။ဒါပေမယ့် ထောက်ပံ့ကြေးမရဘူး။ကျွန်တော့မိန်းမက ကိုယ်ဝန်ကြီးနဲ့ ရွာမှာ မွေးခါနီးနေပြီ။ ထောက်ပံ့ကြေးပေးမယ်ဆိုလို့ လာယူတာမပေးဘူးဆိုတော့ တိုင်ပတ်တာပေါ့။ သွားမေးတဲ့အခါမှာ သူတို့က လိပ်ပတ်လည်အောင်မပြောဘူး။ နောက်လူတွေမပေးဘူး။ ပထမလူတွေပဲ ပေးမယ်လို့ပြောတယ်။ ပထမလူတွေတောင်မှပဲ မရတဲ့သူက မရဘူး။ တစ်သောင်းခွဲရယ်၊ ဆန်ဆီဆားရတဲ့သူတွေထဲက ရတဲ့လူတွေရတယ်၊ မရတဲ့လူမရဘူး။ လူမစုံဘူး။ ဘာကြောင့်မစုံတာလဲတော့ ကျွန်တော်မပြောတတ်ဘူး။ လူတွေက သူတို့ဘာလို့ မရတာလဲမေး၊ မရရင် တိုင်မယ်တောမယ်ဆိုပြီး ပြောရင်းဆဲဆိုနေကြာတာပေါ့။ လူလေးရာလောက်ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

“အုပ်ချုပ်ရေးရုံးကိုလည်း သွားပြီးပြီ။ ရုံးက လူကြီးက ပြောတယ်။ အပိုင်လူကြီးကို ပေးပြီးပြီတဲ့။ ပိုက်ဆံတွေအကုန်လုံး သူတို့ဆီမှာသွားတောင်းတဲ့။ အဲ့ဒီပိုက်ဆံရဖို့အတွက်ကို နေပူထဲမှာ စောင့်နေရတယ်။ သူက မရဘူးလည်း ပြောတယ်။ နိုင်ငံတော်က မပေးဘူးလို့လည်း ပြောတယ်။ စာရင်းထဲမပါဘူးလည်း ပြောတယ်။ ကိုဗစ်စဖြစ်ကတည်းက ခုထိ ထောက်ပံ့ကြေးမရသေးဘူး” ဟု  ကိုဗစ်ကာလ အလုပ်နားထားရသည့် စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မသိရီက ပြောသည်။

လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က  ယခုထောက်ပံ့ငွေသည် ကိုဗစ်-၁၉ ကြောင့် ဆင်းရဲနွမ်းပါးသူများကိုပေးခြင်းဖြစ်ပြီး လှိုင်သာမြို့နယ်အရှေ့ပိုင်းတွင် အိမ်ထောင်စုတစ်သိန်းကျော်၊ လှိုင်သာယာမြို့ နယ် အနောက်ပိုင်းတွင် အိမ်ထောင်စုတစ်သိန်းကျော်နှင့် စုစုပေါင်း လှိုင်သာယာတစ်မြို့နယ်လုံးအတွက် အိမ်ထောင်စုပေါင်း နှစ် သိန်းကျော်စာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောသည်။
 
 “ပထမက ပစ္စည်းငါးမျိုးပေးတယ်၊ တစ်သောင်းခွဲပေးတယ်။ အဲ့ဒီလူတွေလည်း ပါတယ်။ ကျန်ခဲ့တဲ့လူတွေပါ ထည့်ထားပေးတယ်လေ။ နောက်ထပ်တိုးလာတာလည်းရှိနိုင်မယ်ပေါ့နော်။ အဓိကတော့ မြေပြင်မှာ တကယ့်ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေ သူတို့ကောက်တာ။ ပေးတာပေါ့။ အားလုံးကို ဝေတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် အိမ်ထောင်စုတော်တော်များများတော့ ရမှာပေါ့နော်” ဟု  ဦးဝင်းမောင်က ပြောသည်။

ယခင် မရှိမဖြစ်လိုအပ်သောအိမ်ထောင်စုများကို ဆန်၊ ဆီ၊ ဆားနှင့် ကိုဗစ်ထောက်ပံ့ကြေးပေးဝေးခဲ့သည့် စာရင်းနှင့် ထပ်မံကောက်ယူထားသည့် စာရင်းတို့ကိုပေါင်းပေးခြင်းဖြစ်ပြီး စာရင်းကောက်ခံချိန်တွင် မရှိသူများနှင့် အချို့ကျန်ခဲ့နိုင်ကြောင်းလည်း သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly