‘အမေရိကန် ပြန်လာပြီ’ လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဂျိုးဘိုင်ဒင် ပြော 

‘အမေရိကန် ပြန်လာပြီ’ လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဂျိုးဘိုင်ဒင် ပြော 
Photo - AFP

နိုဝင်ဘာ ၁၁

ပြီးခဲ့တဲ့ သီတင်းပတ် အကြိတ်အနယ်ရွေးကောက်ပွဲအပြီး ဒေါ်နယ်ထရမ့်ကို အနိုင်ယူခဲ့ပြီးနောက် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ ‘အမေရိကန် ပြန်လာပြီ’ လို့ ကမ္ဘာ့ခေါင်းဆောင်အချို့ကို အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ 

“ပထမဆုံး ကျွန်တော် ပြောဆိုတာက အမေရိကန် ပြန်လာပြီဆိုတာ သူတို့ကို သိစေချင်တာပါပဲ။ ကျွန်တော်တို့ ကမ္ဘာ့နယ်ပယ်ဆီ ပြန်လာပါတော့မယ်။ ဒါဟာ အမေရိကန် တစ်နိုင်ငံတည်းမဟုတ်ပါ။ အခုဆိုရင် ကမ္ဘာ့ခေါင်း ဆောင် ခြောက်ဦးနဲ့ ကျွန်တော် စကားပြောဆိုခွင့် ရခဲ့တယ်။ တုံ့ပြန်မှုက အလွန်ပဲ အားတက်ဖွယ် ကောင်းပါတယ်။”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

လက်ရှိအထိ ဂျိူးဘိုင်ဒင်နဲ့ တိုက်ရိုက်စကားပြောဆိုထားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဆိုလို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူးဒို၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၊ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်တို့ အပါအဝင် လက်တစ်ဆုပ်စာပဲ ရှိပါသေးတယ်။ 

လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲ အရှုံးကို ဝန်မခံတာနဲ့ ပတ်သက်ပြီးလည်း ဂျိုးဘိုင်ဒင် ရှက်ဖွယ်ရာ လုပ်ရပ်အဖြစ် အပြစ်ပြောဆိုပါသေးတယ်။  

“ကျွန်တော်ကတော့ ရှက်စရာလို့ပဲ ထင်တယ်၊ ဒါ တဲ့တိုး ပြောလိုက်တာပဲ။ တစ်ခုတော့ ရှိတာပေါ့။ ပါးပါးနပ်နပ် ပြောရမယ်ဆိုရင် သူ ဒီလို လုပ်နေတာဟာ သမ္မတ ဂုဏ်သိက္ခာကို အထောက်အပံ့ပြုမှာ မဟုတ်ဘူးဆိုတာလို့ပဲ ပြောချင်တယ်။”ဆိုပြီး သူက ပြောပါတယ်။ 

သမ္မတ ထရမ့်နဲ့ ရီပတ်ဘရီကန် မဟာမိတ်တွေကတော့ မဲရလဒ်က ရေတွက်လို့ မပြီးသေးဘူးဆိုရင်း မဲမမူမှန်မှုတွေ ရှိနေတယ်ဆိုပြီး တရားဆိုင်ဖို့ ပြင်ဆင်စိုင်းပြင်းလျက် ရှိနေပါတယ်။ 

ပြည်နယ်ချင်းအလိုက် မဲရလဒ်ကိုလည်း အသိအမှတ် ပြုသေးခြင်း မရှိသလို တချို့မဲတွေဟာလည်း ရေတွက်ဆဲပဲ ရှိနေဆဲပါ။ ဒါပေမယ့် သမ္မတကို ရွေးကောက်ရတဲ့ Electoral College မဲရလဒ်မှာ အနိုင်မဲ ၂၇၀ ထက်ပိုပြီး ဂျိုးဘိုင်ဒင်က ရရှိထားတာဖြစ်တာကြောင့် မီဒီယာတွေမှာ အနိုင်ရသမ္မတအဖြစ် ရေးသားဖော်ပြနေတာပါ။ 

အဲဒီ Electoral College ရွေးချယ်ရေး အဖွဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ တွေ့ဆုံချိန်မှ ရလဒ်အဖြေကို ခိုင်ခိုင်မာမာ အတည်ပြုနိုင်မှာပဲ ဖြစ်ပါတယ်။ 

“အဆုံးတစ်နေ့မှာ ခင်ဗျားတို့ သိရမှာက ဇန်နဝါရီ ၂၀ ရက်ဆိုရင် အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားပါမယ်။”လို့ သမ္မတ ကျမ်းကျိန်ရတဲ့ နေ့ရက်ကို ရည်ညွှန်းပြီး ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

အာဏာလွှဲပြောင်းရေးကိုလည်း ဘာအရာကမှ တားဆီးနိုင်လိမ့်မှာ မဟုတ်ဘူးလို့လည်း သူက ဆက်လက်ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly