ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီး တရားစွဲဆိုရန် ထရမ့် စိုင်းပြင်း

ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီး တရားစွဲဆိုရန် ထရမ့် စိုင်းပြင်း

နိုဝင်ဘာ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် သီတင်းပတ် ရွေးကောက်ပွဲ ရလဒ်ကို တရားစွဲဆိုရန် ပြင်ဆင်စိုင်းပြင်းလျက် ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။

မဲပေးရာ၌ မူမမှန်မှုများ ရှိသည်ဆိုသော မည်သို့သော စွပ်စွဲပြောဆိုချက်ကို မဆို စုံစမ်းစစ်ဆေးရန် ရှေ့နေချုပ် ဝီလီယံဘားက ပြည်နယ်ဥပဒေအရာရှိများအား ညွှန်ကြားလိုက်ပြီးနောက် ထရမ့်က ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

ဥပဒေအရာရှိများသို့ ဝီလီယံဘား၏ အဆိုပါ ညွှန်ကြားချက်ကြောင့် ရွေးကောက်ပွဲ မသမာမှုများကို ကြီးကြပ်ကွပ်ကဲရသော ထိပ်တန်းရှေ့နေတစ်ဦးက ဆန့်ကျင်ကန့်ကွက်ကာ ရာထူးမှ နုတ်ထွက်မှု ဖြစ်ခဲ့သည်။ 

ထရမ့်နှင့် ရီပတ်ဘရီကန် မဟာမိတ်များက သက်သေမပေးဘဲ မဲမသမာမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်ဟုဆိုကာ ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာအပေါ် ရက်များစွာ တိုက်ခိုက်နေရာမှ ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

သမ္မတဖြစ်ရန် လိုအပ်သော အနိုင်ရမဲဖြစ်သည့် Electoral College မဲရလဒ် ၂၇၀ ကျော်ကို စနေနေ့က သေချာပေါက် ရရှိထားသော ဒီမိုကရက်မှ ဂျိုးဘိုင်ဒင်အား ရွေးကောက်ပွဲ၌ ရှုံးနိမ့်ကြောင်း ထရမ့်က ယခုထက်ထိ မဝန်ခံသေးပေ။

ထရမ့်၏ မဲဆွယ်ကမ်းပိန်းအဖွဲ့ကလည်း ရွေးကောက်ပွဲရလဒ်တွင် အပြစ်အနာအဆာများ ရှိနေသည်ဟု တရားစွဲဆိုမှုများ တင်ထားကြသည်။ မီချီဂန်နှင့် ဂျော်ဂျီယာပြည်နယ်တို့၌ ထို တရားစွဲဆိုမှုများကို တရားသူကြီးများက ချင့်ချိန်နေပြီး ပညာရှင်များကမူ ထရမ့်၏ ယခုကဲ့သို့ တရားဥပဒေဘောင်ဖက်မှ အရေးစိုက်လုပ်ဆောင်လာခြင်းသည် ရွေးကောက်ပွဲရလဒ် ပြောင်းလဲမှုအတွက် အနည်းငယ်သာ အခွင့်အလမ်း ရှိသည်ဟု ပြောကြသည်။

ရှေ့နေချုပ် ဝီလီယံဘားက စွပ်စွဲပြောဆိုနေမှုများအား စုံစမ်းစစ်ဆေးရာတွင် စိတ်ကူးတည့်ရာ စွပ်စွဲချက်များကို အခြေမခံသင့်ကြောင်း ရှေ့နေများအား ပြောဆိုထားပြီး ၎င်း ပေးပို့သည့် ညွှန်ကြားစာမှာလည်း ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်နေသော မဲပေးမှု မူမမှန်မှုများကို တရားရေးဌာနက ဖော်ထုတ်တွေ့ရှိထား၍ဟု ဆိုလိုခြင်းလည်း မဟုတ်ကြောင်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly