ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါကို တာဝန်ကနေ ရပ်စဲ 

ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါကို တာဝန်ကနေ ရပ်စဲ 
Photo - AFP

နိုဝင်ဘာ  ၁၀ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါကို တာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်တယ်ဆိုပြီး နိုဝင်ဘာ ၉ ရက်မှာ တွစ်တာကနေ ရေးသားကြေညာခဲ့ပါတယ်။ 

ထရမ့်အနေနဲ့ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို အရေးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်ထားသလို ခုလိုမျိုး အက်စ်ပါကို ကာကွယ်ရေးဝန်ကြီးရာထူးကနေ ရပ်စဲလိုက်မှုကြောင့် လက်ရှိအစိုးရအဖွဲ့အပေါ် နောက်ထပ် မတည်မငြိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ 

“မာ့ခ် အက်စ်ပါကို တာဝန်ကနေ ရပ်စဲလိုက်ပါပြီ၊ သူ တာဝန်ထမ်းဆောင်ခဲ့တာတွေအတွက် ကျွန်တော့်ဘက်က သူ့ကို ကျေးဇူးတင်ပါတယ်” လို့ ထရမ့်က တွစ်တာမှာ ရေးပါတယ်။ 

ဒါ့အပြင် အမေရိကန် နိုင်ငံလုံးဆိုင်ရာ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေး ဗဟိုဌာနရဲ့ လက်ရှိအကြီးအကဲ ခရစ္စတိုဖာ မီလာကို ကာကွယ်ရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်လိုက်တယ်လို့လည်း ထရမ့်က ကြေညာသွားခဲ့ပါတယ်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲ နောက်ပိုင်း တစ်ပတ်အကြာမှာပဲ ထရမ့်က အက်စ်ပါကို အလုပ်ဖြုတ်လိုက်တာ ဖြစ်ပါတယ်။ 

အက်စ်ပါကတော့ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းစဉ်က အရပ်ဘက် မငြိမ်မသက်မှုတွေကို နှိမ်နင်းဖို့ စစ်တပ် တပ်ဖွဲ့ဝင်တွေ အသုံးပြုမယ်ဆိုပြီး ထရမ့်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ထရမ့်နဲ့ သဘောထားချင်း မတိုက်ဆိုင်ဘဲ ကတောက်ကဆဖြစ်ထားခဲ့ပါတယ်။ 

ရွေးကောက်ပွဲ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး အထောက်အထား မခိုင်လုံတဲ့ ပြောဆိုချက်တွေကို လက်ရှိအချိန်အထိ ဆက်လုပ်နေဆဲဖြစ်တဲ့ ထရမ့်ကတော့ လာမယ့် ဇန်နဝါရီ ၂၀ ကျရင် အိမ်ဖြူတော်ကနေ ထွက်ခွာရဖို့ ရှိနေပြီး ဂျိုးဘိုင်ဒင်က သမ္မတသစ် ဖြစ်လာဖို့ ရှိနေပါတယ်။ 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly