ပင်လယ်ရေကြောင်းလုံခြံုရေးအတွက် အရှေ့တောင်အာရှနိုင်ငံများသို့ ဒေါ်လာ ၂၅၉ သန်း ကူညီမည်ဟု အမေရိကန်ကတိပြု

ပင်လယ်ရေကြောင်းလုံခြံုရေးအတွက် အရှေ့တောင်အာရှနိုင်ငံများသို့ ဒေါ်လာ ၂၅၉ သန်း ကူညီမည်ဟု အမေရိကန်ကတိပြု

မနီလာ၊ နိုဝင်ဘာ ၁၇ ။             ။ အငြင်းပွားတောင်တရုတ်ပင်လယ်တွင် ပေကျင်း၏ ကျွန်းဆောက်လုပ်မှုနှင့် ပတ်သက်၍ တင်းမားမှုများမြင့်တက်နေစဉ် ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ၎င်း၏ အရှေ့တောင်အာရှ မဟာမိတ်နိုင်ငံများကို ဒေါ်လာ ၂၅၉သန်း ပေးမည်ဟု အမေရိကန်က နိုဝင်ဘာ ၁၇တွင် ကတိပြုသည်။

အာရှ-ပစိဖိတ်ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ အမေရိကန်သမ္မတဘားရက်အိုဘားမား မနီလာသို့ ရောက်ရှိပြီးမကြာမီ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့အား ကူညီမည့်ကတိပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၁၁၉သန်းနှင့် ကျန် ဒေါ်လာ သန်း၁၄၀ကို လာမည့် ၁၂အတွက် သတ်မှတ်ထားကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

"ကမ်းရိုးတန်းအလွန်ရေပြင်တွေမှာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေ၊ မိတ်ဖက်တွေရဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးစွမ်းရည်ကို တိုးမြင့်ပေးသွားမှာပါ။ ပြီးတော့ ဒေသတွင်းတစ်ဝိုက် ပင်လယ်ရေကြောင်းလုံခြုံရေးကိုလည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပေးသွားမှာပါ"ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အာရှတွင် ဝါရှင်တန်၏ သစ္စာအရှိဆုံးမဟာမိတ်တစ်ဦးနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏အပြုအမူကို အဝေဖန်ဆုံးဖြစ်သည့် ဖိလစ်ပိုင်က ထောက်ပံ့ငွေအများစုကို ရရှိမည်ဖြစ်သည်။ ဖိလစ်ပိုင်သည် ပင်လယ်ရေကြောင်းလုံခြုံရေးမြင့်တင်ရန် အကူအညီအဖြစ် စံချိန်တင် ဒေါ်လာ ၇၉သန်းရရှိမည်ဖြစ်သည်ဟု ကြေညာချက်က ဖော်ပြခဲ့သည်။

အမေရိကန်က ဖိလစ်ပိုင်သို့ လျင်မြန်ပေါ့ပါးသည့် ကမ်းရိုးတန်းကင်းလှည့်ယာဉ် US Coast Guard တစ်စင်းလည်းပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဖိလစ်ပိုင်သည် ၂၀၁၁နှင့် ၂၀၁၃ကလည်း အလားတူယာဉ်နှစ်စင်းရရှိခဲ့သည်။ ၎င်းယာဉ်များက ငွေကြေးထောက်ပံ့မှုအားနည်းသော ဖိလစ်ပိုင်၏ ရေတပ်တွင် ထိပ်တန်းစစ်သင်္ဘောများဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly