မန္တလေးတွင် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် နှီးနှောဖလှယ်ပွဲ ကျင်းပမည်

မန္တလေးတွင် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် နှီးနှောဖလှယ်ပွဲ ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။          ။ မန္တလေး ဗြိတိသျှကာင်စီမှ ကြီးမှူးပြီး အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် ပဉ္စမအကြိမ်မြောက် အင်္ဂလိပ် ဘာသာစကား သင်ကြားခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနား (Fifth Annual Mandalay Conference for Teachers of English)ကို Mandalay Hill Resort ဟိုတယ်၌ ၂၀၁၆ ဇန်နဝါရီလ ၂၃ နှင့် ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပွဲကို အင်္ဂလိပ်စာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် အတွေ့အကြုံများကို ဝေငှနိုင်ရန်နှင့် နောက်ဆုံးပေါ်နည်းစနစ်များ လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ကြောင်း ဗြိတိသျှကောင်စီက ထုတ်ပြန်ထားသည်။

ဦးဆောင်ဆွေးနွေးသူများအဖြစ် ဝါရင့်ဆရာ၊ ဆရာမများကို ဗြိတိသျှကောင်စီမှဖိတ်ကြားထားပြီး ယခုနှစ်တွင် "English Matters: Diverse contexts in Education" ခေါင်းစဉ်ဖြင့် သင်ကြားမှုများ တွင်ပြန်လည် အသုံးချနိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ဦးစားပေး၍ ဆွေးနွေးသွားမည်ဖြစ်သည်။

အဆိုပါပွဲ နှင့် ပတ်သတ်၍ ဗြိတိသျှကောင်စီမြန်မာ၏ အင်္ဂလိပ်စာဌာနညွှန်ကြားရေးမှူး Ginny Rowlands ကနိုင်ငံခြားဘာသာစကားတစ်ခုကို လေ့လာခြင်းသည် သင်ယူလေ့လာ သူများအတွက် ယဉ်ကျေးမှုများကို အပြန်အလှန်နားလည်မှု ရှိစေရုံသာမက နားထောင်မှုစွမ်းရည်မြင့်တက်လာပြီး၊ မှတ်ဉာဏ်ပိုမိုကောင်းလာစေရန်နှင့် ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည်များကို မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့အပြင် ပုံမှန်ကျင်းပပေးနေသော နှစ်ပတ်လည်ဆွေးနွေးပွဲများသည် ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုများသာမကသင်ကြားသင်ယူမှုများနှင့် ပတ်သက်သော သတင်းအချက်အလက် များကိုပံ့ပိုးပေး သွားနိုင်မည်ဖြစ်ကြောင်း ထပ်မံပြောကြားသွားသည်။

အဆိုပါပွဲသို့ တက်ရောက်ဆွေးနွေးလိုသူများသည် မြန်မာငွေ ကျပ် (၄၅,၀၀၀) ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း ဗြိတိသျှကောင်စီ မန္တလေး အမှတ် ၆/၇၊ မြေညီထပ်၊ SY တိုက်တန်း၊ ၃၀၊ ၃၁ လမ်းနှင့် ၇၇၊ ၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ ဖုန်းနံပါတ် ၀၂-၃၃၉၀၄ သို့  ရုံးချိန်အတွင်းလာရောက်စာရင်းပေးနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly