တောင်တရုတ်ပင်လယ်တွင် နောက်ထပ်ကျွန်းများကို သိမ်းယူနိုင်ခွင့်ရှိသော်လည်း တရုတ် ချုပ်တည်းထားဟုဆို

တောင်တရုတ်ပင်လယ်တွင် နောက်ထပ်ကျွန်းများကို သိမ်းယူနိုင်ခွင့်ရှိသော်လည်း တရုတ် ချုပ်တည်းထားဟုဆို

ပေကျင်း၊ နိုဝင်ဘာ-၁၇ ။              ။ အငြင်းပွားရေပိုင်နက် ပြဿနာကို အပူတပြင်းဆွေးနွေးဖွယ်ရှိသည့် ဒေသတွင်းညီလာခံနှစ်ခု၏ အကြို နိုဝင်ဘာလ ၁၇ရက်နေ့က အကြီးတန်းတရုတ် သံတမန်တစ်ဦး၏ ပြောကြားချက်အရ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ သိမ်းပိုက်ထားသည့် ကျွန်းများကို သိမ်းယူနိုင်သည့် အခြေအနေတွင် ရှိသော်လည်း မသိမ်းယူဘဲ ကြီးမားသောချုပ်တည်းမှုကို ပြသခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

ပေကျင်းက နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၅ထရီလီယံခန့် ကူးလူးစီးဆင်းနေသည့် တောင်တရုတ်ပင်လယ်ကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့နှင့်အတူ ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။

စပရတ်တလေကျွန်းစုအတွင်းရှိ ကျွန်းတုများပေါ်တွင် တရုတ်က မြေယာများဖော်ပြီး လေယာဉ်ကွင်းများနှင့် စက်ရုံများပါ တည်ဆောက်လာသည့်အခါတွင် ဒေသတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ   ဖြစ်ပေါ်လာပြီး၊ ဝါရှင်တန်တွင်လည်း တရုတ်မှာ ၎င်း၏ စစ်ရေးလက်တံကို အရှေ့တောင်အာရှ ရေပိုင်နက်ထဲအထိ ဆန့်ထုတ်ချဲ့ထွင်နေသည်ဟု  စိုးရိမ်စိတ်များ မြှင့်တက်လာနေခဲ့သည်။

သို့ရာတွင် အခြားပိုင်ဆိုင်ကြောင်းပြောဆိုသူ သုံးဦးက တရားမဝင် ကျူးကျော်သိမ်းပိုက်ထားသည့် စပရတ်တလေကျွန်း ဒါဇင်ပေါင်းများစွာ ရှိနေသောကြောင့် အမှန်တကယ် မတရားအလုပ်ခံနေရသူမှာ တရုတ်သာဖြစ်သည်ဟု တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူ ကျန်မင်းက ပေကျင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

လျူက မည်သည့်နိုင်ငံများဖြစ်သည်ကို အတိအကျမပြောသော်လည်း ဘရူနိုင်းမှလွဲ၍ ပိုင်ဆိုင်ကြောင်းပြောဆိုနေသည့် ကျန်နိုင်ငံများမှာ စပရတ်ကျွန်းစုများတွင် စစ်ခံတပ်များ အသီးသီး ရှိနေကြသည်။

‘တရုတ်အစိုးရမှာ အိမ်နီးချင်းနိုင်ငံတွေက တရားမဝင် ကျူးကျော်သိမ်းပိုက်ထားတဲ့ ကျွန်းစုတွေ ကျွန်းတန်းတွေကို ပြန်ယူပိုင်ခွင့်လည်းရှိသလို၊ ယူနိုင်စွမ်းလည်းရှိနေတယ်’ဟု လျူက ပြောကြားခဲ့သည်။

‘ဒါပေမယ့် ကျနော်တို့ အဲဒီလိုမလုပ်ပါဘူး။ တောင်တရုတ်ပင်လယ်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ အကြီးအကျယ် ချုပ်တည်းထားပါတယ်’’ဟုလည်း လျူက ထပ်လောင်း ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုများသည်ပင်လျှင် ယခုရက်သတ္တပတ်နှောင်းပိုင်း ကွာလာလမ်ပူတွင် ကျင်းပမည့် အရှေ့အာရှညီလာခံတွင် လွှမ်းမိုးသွားဖွယ်ရာ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly